DVB Logo
Home
မြန်မာသတင်း
ကလေးနှင့် ယင်းမာပင်မြို့များမှ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေ
DVB
·
March 30, 2022
ကလေးနှင့် ယင်းမာပင်မြို့များမှ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ယင်းမာပင်မြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကာ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။
အခုနှစ် ဇန်နဝါရီလဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းနဲ့ ချောင်းခွ စတဲ့ အနီးအနားရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ကလေးမြို့ပေါ် ရောက်ရှိလာကြတဲ့ စစ်ရှောင်တွေဟာ ဆွေမျိုးအိမ်မှာ ခိုလှုံနေကြ‌တာတွေ ရှိကြသလို အိမ်ငှားနေထိုင်တဲ့ သူတွေလည်း ရှိကြပါတယ်။
သူတို့ဟာ နေရပ်စွန့်ခွာပြီး အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရတဲ့အပြင် ငွေကြေးအလုံအလောက် မရှိတာကြောင့် အိမ်ငှားရမ်းခ ပေးနေရတာတွေပါ အခက်အခဲ ဖြစ်နေသလို ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းနဲ့ ပရဟိတအသင်းတွေလည်း မရှိတာကြောင့် ပိုပြီးခက်ခဲနေကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ နတ်ချောင်းကျေးရွာအတွင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ‌ရွာသူရွာသားတွေကိုလည်း ခြိမ်းခြောက်စာတွေ ရေးသားခဲ့ပါတယ်။
စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေ မြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် စစ်ရှောင်လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာတာ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာလည်း မတ် ၂၉ ရက်ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အိမ်မွေးတိရစ္ဆာန်နဲ့ ပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတွေ ညတွင်းချင်း ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မြို့အတွင်းကနေ အခြားကျေးရွာတွေဘက်ကို ည ၉ နာရီလောက်က စတင်ပြီး ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုပစ်ခတ်မှုကြောင့် ရွာသာယာကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ နွား ၁ ကောင်နဲ့ ဆိုင်ကယ် ၁ စီး ထိမှန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ရွာသာယာရွာ၊ နှောရိုးရွာ၊ ကောင်းဆင့်ရွာ၊ ရွာထောင်ရွာ၊ လေးရွာနဲ့ မြို့ကြီးရွာ စတဲ့ ကျေးရွာနေပြည်သူတွေ ညတွင်းချင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်အတွင်း တပ်ဖြန့်နေရာယူထားတာကြောင့် သူတို့နဲ့ အနီးနားမှာရှိတဲ့ ဒေသခံပြည်သူတွေ နေအိမ်တွေမှာ မနေရဲကြတာကြောင့် ထွက်ပြေးနေကြရပြီး စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ပြောပါတယ်။
အဲဒီလို တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ PDF ပူပေါင်းအဖွဲ့တွေက တိုက်ခိုက်တာတွေ ရှိခဲ့ပြီး မတ် ၂၉ ရက် ညပိုင်းကလည်း ယင်းမာပင်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ အပါအဝင် အောင်ဇေယျကွက်သစ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013