ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ မင်းတပ်-မတူပီ ကားလမ်းမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ CDF-မင်းတပ်တို့ တိုက်ပွဲအပြင်းထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၅ ယောက်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေကို CDF-မင်းတပ်က မိုင်းဆွဲတိုက်ခိုက်တာတွေအပြင် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် သေဆုံးဒဏ်ရာရသူများတာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ကို တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ကြိုတင် ကြံစည်ဖြတ်တောက်ကာ သတင်းအမှောင်ချထားတယ်လို့ ပြောပါတယ်။
မင်းတပ်-မတူပီကားလမ်း ၁၆ မိုင်နားမှာလည်း မတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ CDF မင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅ ယောက်လောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းတောင်ပေါ်ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။