DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၁၄ ဦးရှိလာ
DVB
·
March 29, 2022
စစ်တပ် အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၁၄ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၁၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၉၈၉ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉,၉၄၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၇၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၄ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၉၁ ယောက် ရှိပြီဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၆ ရက်ည ၁၁ နာရီဝန်းကျင်အချိန်က ခလရ ၂၅၇ နဲ့ ၂၅၈ တပ်ရင်းတွေက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ညောင်တုတ်ကျေးရွာအုပ်စု၊ ကူတုတ်ကျေးရွာရှိ နေအိမ်တစ်လုံးကို ထိမှန် ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အတွင်းရှိ ဦးမန်းကျော်နဲ့ သားဖြစ်သူ အသက် ၆ နှစ်အရွယ် မောင်ဖိုးသင်္ကြန်တို့ဟာ နေရာတင် ကျဆုံးသွားခဲ့ပြီး ကိုယ်ဝန် ငါးလရှိ ဦးမန်းကျော်ရဲ့ ဇနီးဖြစ်သူ မညိုနဲ့ သားငယ်ဖြစ်သူ အသက် ၃ နှစ်အရွယ် မောင်ကျော်ကျော်ဘိုတို့ကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် မတ် ၂၄ ရက်ည ၉ နာရီကျော်လောက်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မြို့ရှောင်လမ်းကို စစ်အုပ်စုတပ်တွေ၊ ရဲတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ စစ်ဆေးချိန် ဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် ၁၉ နှစ်အရွယ် ကိုဇင်ကိုကို ဆိုင်ကယ်ရပ်တန့်မပေးလို့ဆိုကာ ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။ ကိုဇင်ကိုကို ဟင်္သာတဆေးရုံဆီ ပို့ဆောင်ခဲ့ပေမယ့် နောက်တနေ့ မတ် ၂၅ ရက်မနက်ပိုင်းမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013