DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တောင်ပိုင်း၌ အေအေနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေ
DVB
·
March 28, 2022
ချင်းပြည်နယ်တောင်ပိုင်း၌ အေအေနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေ
Donate to DVB

ရခိုင်ပြည်နယ်စပ်  ချင်းပြည်နယ်တောင်ပိုင်းမှာ  ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ရေးတင်းမာနေတာကြောင့် စစ်ကောင်စီက တက်တွေ အင်အားတိုးမြှင့်ချထားနေတယ်လို့ ချင်းပြည်နယ်ပူးတွဲကာကွယ်ရေးကော်မတီ(တောင်ပိုင်း) CJDC တာဝန်ရှိသူက ပြောပါတယ်။

မင်းတပ်-မတူပီ-ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီက အင်အား ၈၀၀ ကနေ ၁၀၀၀ အထိအသုံးပြုပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေဖြစ်ပြီး ချင်းပြည်မြောက်ပိုင်း ဟားခါး-ဖလမ်းထက် တောင်ပိုင်းကို စစ်ကောင်စီက ပိုအာရုံစိုက်နေတာဟာ အေအေနဲ့ စစ်ရေးတင်းမာလာတာကို ကြိုတင်ပြင်ဆင်နေတဲ့သဘောဖြစ်တယ်လို့ ချင်းပြည်နယ်ပူးတွဲကာကွယ်ရေးကော်မတီ(တောင်ပိုင်း) CJDC တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီက မင်းတပ်- ကျောက်ထု စစ်မျက်နှာ၊ ပလက်ဝ စစ်မျက်နှာဆိုပြီး စစ်မျက်နှာ ၂ ခုဖွင့်ထားပြီး အင်အား ၈၀၀ ကနေ ၁၀၀၀ အထိအသုံးပြုနေတယ်လို့ဆိုပါတယ်။

ပလက်ဝနယ်မြေခံတပ်ရင်း တပ်မ ၂၈၉ မှာ အင်အားအပြည့်ဖြည့်ထားသလို၊ ပလက်ဝမြို့နယ် ဆမီးမြို့၊ ဆမီးမြို့အနီး ကန်ထောင်အရပ်တွေမှာ စစ်ကောင်စီက တပ်ရင်းအပြည့်ထိုင်ထားပါတယ်။

မတူပီမြို့နယ် လိုင်လင်းပီမြို့မှာလည်း အင်အားအပြည့်နဲ့ဗျူဟာချထားပြီး စစ်ကောင်စီက သူတို့အခြေစိုက်ရာ တပ်ကုန်းတွေကို အပြည့်အဝကာကွယ်နိုင်ဖို့ပြင်ဆင်နေပါတယ်။

စစ်ကောင်စီရိက္ခာနဲ့ ခဲယမ်းလမ်းကြောင်းတွေကို ဒေသခံ CDF တွေ ကြားဖြတ်တိုက်ခိုက်လို့ မရအောင် သာလွန်အင်အားသုံးပြီး စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးတွေပြုလုပ်နေပါတယ်။ 

ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(တောင်ပိုင်း) တာဝန်ရှိသူက " မင်းတပ်မှာ CDF အားကောင်းလာတာနဲ့အမျှ မတူပီဘက်ကိုပို့ဖို့ မင်းတပ်ကိုဖြတ်ရတာမျိုးဆိုရင် သူတို့အင်အားအလုံးအရင်းနဲ့ ချီတက်လာလေ့ရှိတာကိုတွေ့ရတာပေါ့လေ။ တောင်ပိုင်းဘက်မှာ ကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ရှိပါတယ်။ အဖွဲ့ ၆ ဖွဲ့ပဲရှိတဲ့ ဒေသကို စစ်တပ်အင်အားသုံးတာကြည့်မယ်ဆိုရင် ကျနော်တို့ အင်မတန်ခုခံရခက်တဲ့ အခြေအနေရှိတယ်။ မြောက်ပိုင်းထက် တောင်ပိုင်းက စိန်ခေါ်မှုရှိသလို တိုက်ပွဲလည်းပိုပြင်းထန်လာဖို့ရှိပါတယ်။ အရပ်သားသေဆုံးမှုကြည့်မယ်ဆိုရင်လည်း တောင်ပိုင်းမှာ ပိုများနေပါတယ်။"လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာလိုပဲ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ကောင်စီက အင်အားသုံး အကြမ်းဖက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ဒေသခံ PDF တွေဟာ ဒေသတွင်းအုပ်ချုပ်ရေးရုံးတွေနဲ့ ရဲစခန်းတွေကို ပြောက်ကျားစနစ်နဲ့ ထိုးစစ်ဆင်နေရပါတယ်။

သံချပ်ကာ ၂ စီးအပါအဝင် စစ်ကား ၈၀ ကျော်၊ စစ်သားအင်အား ၃၀၀ ကျော်ဟာ မတ်လ ၂၅ ရက်က  မင်းတပ်မြို့ကနေ မတူပီမြို့ဘက်ကို စတင်ထွက်ခွာနေပြီး မတူပီမြို့က နယ်မြေခံတပ်ရင်းတွေကို လက်နက်နဲ့ရိက္ခာထောက်ပို့ဖို့ကြိုးစားနေပါတယ်။

စစ်ကောင်စီက သာလွန်အင်အားနဲ့တိုက်ခိုက်ခဲ့လို့ ချင်းပြည်နယ်၊ ကန်ပက်လက် CDF ဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်လွှတ်ထားရပါတယ်။ ချင်းပြည်နယ် မြို့နယ် ၉ ခုထဲက တီးတိန်မြို့နယ်ကလွဲပြီး ကျန်မြို့နယ်အားလုံးမှာ တိုက်ပွဲတွေပြန်ဖြစ်ပွားနေပြီး စစ်တပ်က သာလွန်အင်အားနဲ့ မဖြစ်မနေထိန်းချုပ်နိုင်ဖို့ကြိုးစားနေတယ်လို့ ဒေသခံ CDF တွေက ပြောပါတယ်။

စစ်တပ်က CDF စခန်းတွေကိုတင်မကဘဲ ပြည်သူတွေဆီကိုပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဒေသတွင်းကိုအကြမ်းဖက်ဝင်ရောက်နေတာကြောင့် CDF တွေဟာ ပြည်သူတွေကို ငဲ့ပြီး နောက်ဆုတ်နေရတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013