Home
မြန်မာသတင်း
သေ့ဘောဘိုးအနီး စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၆၀ ကျော် သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ
DVB
·
March 28, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးအနီး ဝေါလေလမ်းမပေါ်မှာ  မတ်လ ၂၇ ရက်က စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းကို KNLA၊ DKBA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆၀ ကျော်သေပြီး ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။

ဘလယ်ဒိုစခန်းလမ်းမှာ ပူးပေါင်းတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့လို့  စစ်ကောင်စီ ၆၁ ဦး သေဆုံး ၂၀ ကျော်ဒဏ်ရာရသွားပြီး လူနာတွေကိုတော့ ကျောက်ခက်ဘုန်းတော်ကြီးကျောင်းမှာ တချို့ထားရှိကာ တချို့ကိုတော့ ကားသုံးစီးနဲ့ သင်္ဃန်းညီနောင် စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေဟာ မောခီး၊ ကလော်ကော်၊ အို့ကရစ်ခီး၊ အို့ကရစ်ထပ်နဲ့ ကနဲလေး စစ်ကောင်စီတပ်စခန်းတွေကို စစ်ကူတပ်ကူအဖြစ်နဲ့ စေလွှတ်တဲ့ တပ်တွေဖြစ်ပြီး  KNLA ၊ KNDO DKBA တပ်တွေကို ရှင်းလင်းဖို့ နေပြည်တော်ကနေ ညွှန်ကြားချက်ပေးထားတဲ့ တပ်ဖွဲ့တွေလို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အကျအဆုံးများလွန်းလို့  အလောင်းတောင် မကောက်နိုင်ဘဲ ပစ်ထားခဲ့ရပြီး လက်နက်တွေတော့ ကောက်ယူသိမ်းသွားတယ်လို့ KNPF ရဲမေတယောက်က ပြောပါတယ်။

“မနေ့က မနက်ကနေပြီး တက်လာတာာ ညဘက်လောက်မှ တိုက်ပွဲကပြီးတာ။ တက်လာတဲ့ အင်အားက ရာကျော်တယ်လေ။ အခုအထိအခိုက်နဲ့ အကျအဆုံးဆိုရင်တော့ စုစုပေါင်း ၁၀၀ ကျော်တယ်။ ဒါပေမဲ့ သေဆုံးသူက ၆၀ ကျော်ဆိုတော့ ကျန်တာတွေက ထိခိုက်ဒဏ်ရာရသူတွေပေါ့။ အဖွဲ့ကလောလောဆယ်အတည်ပြုထားတာကတော့ ကျဆုံး ၆၁ ယောက်လို့အတည်ပြုထားတယ်။ အခု အဲ့ဒိဒဏ်ရာရသူတွေကို လတ်တလော ကျောက်ခက်ဆေးရုံမှာပို့ထားတယ်။ ၂၀ ကျော်လောက်ရှိတယ်။ အလောင်းတွေကို သူတို့လာကောက်လို့မရဘူး KNU-KNLA ဘက်က ပိတ်ထားလိုက်ပြီ။ သူတို့အလောင်းလာကောက်လို့မရတော့ဘူး။ ဒီနေ့ မနက် နယ်မြေရှင်းလင်းရေးလုပ်တော့မှ အလောင်းတွေက တချို့ဆို ပုပ်စော်နံနေပြီ၊ သူတို့ကတော့ ရနိုင်သမျှ လက်နက်တွေကောက်ယူသွားပေမဲ့  ကျန်နေခဲ့တဲ့ လက်နက် တော်တော်များများရလိုက်တယ်။”

မနေ့က အာရှလမ်း၊ တောနော်ရေတံခွန်နားမှာလည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ယောက်ကျဆုံးခဲ့တယ်လို့   KNPF ကနေသိရပါတယ်။

အခုတိုက်ပွဲတွေကို စစ်ကောင်စီဘက်က တပ်မ ၂၂ နဲ့ တပ်မ ၄၄ တပ်တွေ လာတိုက်တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ဗျူဟာမှူး၊ စစ်ကျောင်းမှူး တယောက်ကျဆုံး ဒါမှမဟုတ် ဖမ်းမိထားတယ်လို့ သတင်းထွက်နေပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ဒီနေ့ မတ်လ ၂၈ ရက်မှာတော့  သထုံ-ဘားအံ အမြန်လမ်းဘက်ကနေ ထပ်တက်လာတဲ့ စစ်ကားတန်းတချို့ကို  ဒေသခံပြည်သူတချို့ရဲ့  ရုပ်သံမှတ်တမ်းတွေအရ သိရပါတယ်။

မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက  စစ်ရဟတ်ယာဉ်တွေနဲ့  လာရောက်ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေ ၄၀၀ ကျော်လောက်  ထိုင်းနိုင်ငံဘက်ကို ထပ်မံ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024