
မြန်မာ့အိမ်ခြံမြေရဲ့ လက်ရှိအနေအထားဟာ အိမ်ခြံမြေပူဖောင်း စတင်ပေါက်ကွဲမှုအခြေအနေ ဆိုက်ရောက်နေပြီလို့ အိမ်ခြံမြေကျွမ်းကျင်သူအချို့က မှတ်ချက်ပြုလိုက်ကြပါတယ်။
ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်လာမှုနဲ့အတူ ဒီကနေ့ မြန်မာ့အိမ်ခြံမြေဈေးနှုန်းဟာ နေရာတချို့မှာ မဖြစ်သင့်တဲ့ အနေအထားမျိုးထက် ပိုမြင့်တဲ့ အခြေအနေကိုရောက်လာပြီး အခု ရက်သတ္တပတ်အတွင်းမှာပဲ အရောင်းအဝယ်တွေက တန့်လာတဲ့အပြင် ရပ်ဆိုင်းလာပြီလို့ လက်ကြီး အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
လက်တွေ့ သိရှိထားသူတယောက်က “လိုင်းပေါ်တွေကနေ ကြည့်လိုက်။ ခေါ်ဈေးတွေ ရောင်းဈေးတွေက ကြောက်စရာကြီးတွေ။ ဒီတသက် မကြားဖူးဘူး။ အဲဒီအထဲ တရုတ်ပွဲစားတွေက အများကြီးပဲ။ ဈေးတွေ ကိုင်ကစားနေကြတာကလည်း သူတို့အပါအဝင် ဒီဘက်က လူတစုပဲ ရှိတာ။ အခု ပူဖောင်းစပေါက်ပြီဆိုတော့ အဲဒီလူတစုပဲ ခံနေကြရပြီ။ တိတ်တဆိတ် ခံနေရတာ။ ဈေးမြင့်တွေနဲ့ ဝယ်ထားမိပြီး ပိုက်ဘောမိနေကြတာ ကြာပြီ။ ရောင်းမထွက်ကြတော့ဘူး။ အခုက သူတို့ကိုယ်တိုင် အရောင်းအဝယ်ကောင်းပါတယ်ဆိုပြီး ဖွနေကြတာ။ အမှန်က ပူဖောင်းက စပေါက်နေပြီ” ပြောပါတယ်။
စစ်အာဏာသိမ်းပြီးကာစ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကာလတို့မှာ ရန်ကုန် ၄၈ လမ်း(အလယ်) ၅ လွှာ၊ ၆ လွှာ ပေကျယ်ခန်းတခန်းရဲ့ ဈေးနှုန်းဟာ အမြင့်ဆုံး သိန်း ၈၀၀ ကျော်ပတ်ချာလည်ပဲရှိပြီး ၄၂ လမ်း အလယ်မှာတော့ အမြင့်ခန်းတခန်းရဲ့ ဈေးဟာ ကျပ်သိန်း ၆၅၀ ဝန်းကျင်ပဲရှိခဲ့ပါတယ်။
ဒါ့အပြင် ဒေါပုံ၊ သာကေတဘက်တို့မှာလည်း ဒါဘာ မဟုတ်တဲ့ အပေါ်ဆုံးအခန်းဈေးဟာ ကျပ် ၂၅၀ ပတ်ချာလည်ပဲ ရှိခဲ့ပါတယ်။
ဒီလိုပဲ လမ်းမတော်က အဆင့်မြင့်အိမ်ရာစီမံကိန်းရဲ့ အခန်းဈေးဟာလည်း အနိမ့်ဆုံး ကျပ် သိန်း ၁၆၀၀ နဲ့ ဈေးစဖွင့်ခဲ့ပြီး အဲဒီဈေးဟာ ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေခဲ့တယ်လို့ သိရပါတယ်။
အခု ၂၀၂၆ ခုနှစ်မှာတော့ ဒေါပုံ၊ သာကေတမှာ အနိမ့်ဆုံး ကျပ် သိန်း ၈၀၀၊ ၉၀၀ မရှိဘဲ အခန်းတခန်း မရတော့ဘူးလို့ ဒေါပုံမြို့သစ် ၂ လမ်းနေ ပြည်သူတယောက်က ပြောပါတယ်။
အကျိုးဆောင်တယောက်က “အရင်က ရန်ကုန်ရဲ့ အဓိကနေရာတွေလို့ ပြောလို့ရတဲ့ ကမာရွတ်တို့ မရမ်းကုန်းတို့မှာဆို ၁ စတုရန်းပေကို ၆ သိန်းကနေ ၁၀ သိန်းကြား၊ အခုက သိန်း ၃၀၊ ၄၀ လောက် ဖြစ်သွားတယ်။ မန္တလေးမှာဆိုလည်း နေရာကောင်းတွေဆို အရင် ထောင်ဂဏန်းကနေ အခု သိန်းကို သောင်းချီတာမှ ၄၊ ၅ သောင်း ဖြစ်နေတယ်” လို့ ပြောပါတယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ ဈေးလျှော့ရောင်းနေကြပေမဲ့ ဝယ်သူပေါ်မလာတော့တဲ့ အနေအထား ရှိနေပါတယ်။
ဒီအကျပ်အတည်းကြောင့် အိမ်ခြံမြေရင်းနှီးသူတချို့ဟာ ငွေအရင်းအနှီးလည်း အများကြီး စိုက်မထုတ်ရတဲ့ ကားဈေးကွက်ဆီ ပြောင်းကုန်ကြပြီလို့လည်း တချို့က ပြောပါတယ်။
ကားဝယ်ရောင်းတယောက်က “ကားဈေးကွက်မှာ ဈေးမြင့်ကားတွေ၊ ပြီးတော့ EV ဘက် ပြောင်းလာကြပြီ။ ငွေပေါ်မြန်တယ်လေ။ အိမ်ခြံမြေက လိုရင်ထုတ်ရောင်းဖို့က အဲဒီဟာတွေထက် ကြာတယ်” လို့ ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေဈေးကွက်အကျပ်အတည်းဟာ ရိုးရိုးရှင်းရှင်း သာမန် အပြောင်းအလဲတခု မဟုတ်ဘဲ တိုင်းပြည်အတွင်းရှိ ငွေကြေးဖောင်းပွမှု၊ မတည်ငြိမ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပတ်ဝန်းကျင်တို့ကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ လမ်းစပျောက် ထွက်ပေါက်ရှာနေရတဲ့ အနေအထားကို ပြသနေတာ ဖြစ်ပါတယ်။
အိမ်ခြံမြေအကျိုးဆောင်နောက်တယောက်က “အိမ်ခြံမြေက ထုတ်ရောင်းဖို့ ဆိုတာက အချိန်အရမ်းကြာတယ်။ လိုအပ်လာတဲ့အခါ ငွေဖြစ်ဖို့က လွယ်တာ မဟုတ်ဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ ငွေပေါ်မြန်ပြီး လက်ငင်းအလုပ်ဖြစ်တဲ့ ကားဈေးကွက်နဲ့ EV ကဏ္ဍဘက်ကို လူတွေ ပိုပြီးစိတ်ဝင်စားလာကြတာဖြစ်တယ်” လို့ ပြောပါတယ်။
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ယုံကြည်မှုကျဆင်းလာပြီး ငွေကြေးခဝါချမှု၊ ပိုင်ဆိုင်မှု လွှဲပြောင်းမှုပုံစံတွေပါ အပြောင်းအလဲဖြစ်လာနိုင်လို့ မြန်မာ့စီးပွားရေးလောကအတွက် နောက်ထပ် ဂယက်ရိုက်ခတ်တာတွေ ထပ်ကြုံရဦးမယ်လို့ စီးပွားရေးလေ့လာသူတယောက်က သုံးသပ်ထောက်ပြပါတယ်။
အိမ်ခြံမြေကဏ္ဍ အခုလို ရပ်တန့်သွားမှာက ရေတိုပြဿနာတခုမဟုတ်ဘဲ တိုင်းပြည်ရဲ့ တခုတည်းသော လုံခြုံတဲ့ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တခုပါ ယုံကြည်မှုကျဆင်းလာတာကို ပြသနေတာ ဖြစ်ပြီး ရှေ့ဆက် ဘာတွေ ဖြစ်လာမလဲဆိုတာကို အများက စိုးရိမ်တကြီး စောင့်ကြည့်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။











