
စစ်ကိုင်းတိုင်း၊ မင်ကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ မတ် ၂၆ ရက် မနက် ၇ နာရီလောက်က တပ်စခန်းကနေ အပြင်ထွက်လာတဲ့ ရဲတပ်သား ၂ ဦးကို မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရဲ ၂ ယောက်ဟာ မင်းကင်းမြို့နယ် တောင်တွင်းဒေသ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းမှာ ပစ်ခတ်ခံရတာဖြစ်ပြီး အိန္ဒိယလမ်းဆိုဒ်အနီး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ခံ ရဲတပ်သားတွေဖြစ်ပါတယ်။
ရဲတပ်သား ၂ ဦး ဆိုင်ကယ်တစ်စီးနဲ့ မြို့မကျေးရွာဘက်ကို သွားတယ်လို့ သတင်းရတာကြောင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လမ်းခုလပ်တစ်နေရာမှာ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာလို့ မင်းကင်း(PDF)ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
တိုက်ခိုက်ခံရလို့ ရဲတပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အဲဒီရဲတပ်သားဟာ မြို့မကျေးရွာအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
မင်းကင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးအခြေနေလည်း တင်းမာနေဆဲဖြစ်ပါတယ်။