DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်၌ စစ်ကောင်စီတပ်က ညစဉ် လက်နက်ကြီးဖြင့် ခြိမ်းခြောက်ပစ်ခတ်
DVB
·
March 25, 2022
မြောင်မြို့နယ်၌  စစ်ကောင်စီတပ်က ညစဉ် လက်နက်ကြီးဖြင့် ခြိမ်းခြောက်ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့မှာ စစ်ကောင်စီက အင်အား ၅၀၀ ကျော်ချထားပြီး ညဘက်တွေမှာ ပြည်သူတွေကို လက်နက်ကြီးနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းတုန်းက မြောင်မြို့နယ်ဟာ လွတ်မြောက်နယ်မြေဖြစ်ပြီလို့ ဒေသခံကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာကြောင့် အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီဟာ မြောင်မြို့နယ်ကို အင်အားသုံး ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

စစ်ကောင်စီက ညတိုင်း လက်နက်ကြီးပစ်ဖောက်ပြီး ကင်းလှည့်နေတာကြောင့် မြောင်မြို့ခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မြောင် PDF အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောပါတယ်။

PDF တွေက စစ်ကောင်စီရဲ့ အလစ်အငိုက်ကို စောင့်ပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သားတွေဟာ လက်နက်မရှိတဲ့ ပြည်သူတွေကို ပြန်ပြီး အကြမ်းဖက် ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

မြောင်မြို့နယ် PDF တာဝန်ရှိသူတဦးဖြစ်တဲ့ မဟူရာခင်က "မြောင်အရှေ့ဘက်မှာ အင်အား ၂၀၀ ကျော် ၃၀၀ ပုံမှန်ချထားတယ်။ ရေစကြိုဘက်ကမ်းမှာလည်း ၈၀၊ ၁၀၀ လောက်က အမြဲတမ်း ရှိနေတာ။ ညဘက်ဆို ပစ်တာတွေ ဖောက်တာတွေလုပ်ပြီး အမြဲတမ်း ခြိမ်းခြောက်နေတယ်။ မြောင်နဲ့ ကျောက်ရစ်က ခဏငြိမ်နေတာ။ ငြိမ်နေတယ်ဆိုတာ အပြင်မထွက်တာဘဲရှိတာ။ ညညဆို ပစ်ဖောက်တာမျိုးက အမြဲတမ်း ရှိနေတယ်ဗျ။ သူတို့က ကင်းပတ်တာ ဒီအတိုင်းမဟုတ်ဘဲ လက်နက်ကြီးတွေနဲ့ ပစ်ဖောက်ပြီး ပတ်တာဗျ။ အချိန်တန်ရင်တော့ ပြန်ဝင်သွားတယ်။ ကလေးတွေရော လူကြီးတွေရော အမြဲတမ်း စိုးရိမ်စိတ်နဲ့ တထိတ်ထိတ်နေနေရတာ။ ပစ်ခတ်သံတွေ ကြားပြီဆိုရင် ပြည်သူတွေအကုန်လုံးက ထိတ်လန့်နေရတာ။ ကျမတို့က အလစ်အငိုက်ကိုစောင့်ပြီး တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် သူတို့က ထွက်လာပြီဆိုရင် လက်နက်ကြီးသံတွေ ပေးတာပေါ့။ ပြည်သူတွေကို အမြဲတမ်း စိတ်ဒုက္ခပေးနေတာမျိုးလည်း ဖြစ်နိုင်တယ်။" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာလည်း စစ်သားတွေဟာ စစ်ဘေးရှောင်တွေရှိတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ 

မတ် ၂၂ ရက်နေ့က စစ်သားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ထန်းဘဲလှရွာက အသက် ၈ နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိခဲ့ပြီး ရွာသား ၂၀ ကျော် စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက် စစ်ဆေးတာကိုခံခဲ့ရတယ်လို့ ရေဦးဒေသခံတယောက်က ပြောပါတယ်။

"သေဆုံးတဲ့ကလေးက ရေဦးမြို့နယ်၊ တောင်ခွင်ကျေးရွာအုပ်စု၊ ထန်းဘဲလှရွာက။ အသက်က ၇ နှစ်ကျော် ၈ နှစ်ထဲ။ ၂၂ ရက်နေ့ ၁၀ နာရီဝန်းကျင်မှာ သတ်သွားတာ။ ပြေးနေတဲ့အချိန်ကို လက်နက်ကြီးနဲ့ပစ်တာ။ ထိခိုက်ဒဏ်ရာရတာ ၄ ယောက်လောက်ရှိတယ်။ သေတာက ကလေးပဲ။ ရွာရဲ့အရှေ့ခြမ်းမှာ အပစ်ခံလိုက်ရတာ။ စစ်ရှောင်အမျိုးသားတွေကို ဖမ်းဆီးပြီး နှိပ်စက်တာလည်း တော်တော်ခံရတယ်။ ယောကျ်ားလေး ၂၀ ကျော်လောက် နှိပ်စက်ခံထားရတယ်။ မျက်နှာတွေကို ဖူးယောင်နေတာပဲ။ ပြန်လွှတ်လိုက်ပီ။ ၂ ယောက်တော့ ဖမ်းခေါ်သွားတယ်။ ထန်းဘဲလှရွာထဲကို မဝင်ဘူး။ ရွာနားကဖြတ်တော့ စစ်ရှောင်တွေကိုတွေ့လို့ လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာ။ သူတို့က ချောင်းဆုံရွာဘက်ကလာတာ။ အင်အားက ၁၅၀ ကျော်ရှိတယ်။ PDF တွေရှိလားမေးပြီး မဖြေမချင်း နှိပ်စက်တာတွေ လုပ်တာပဲ။ ရသလောက်စစ်ပြီး ရသလောက်မေးတာပဲ။"

စစ်ကောင်စီက စစ်ကိုင်းတိုင်း ၃၇ မြို့နယ်မှာ ရွာစဉ်လှည့်ပြီး အကြမ်းဖက် ခြိမ်းခြောက်နေတာကြောင့် ဒေသခံပြည်သူတွေဟာ ခိုကိုးရာမဲ့ ဖြစ်နေပါတယ်။

ဒေသတွင်း အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေး၊ ဆန်စက်၊ ဆီစက်လုပ်ငန်းတွေဟာလည်း ပုံမှန်မလည်ပတ်နိုင်တော့ပါဘူး။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ဘဏ်စနစ်နဲ့ ငွေလွှဲလုပ်ငန်းတွေဟာလည်း ရပ်ဆိုင်းနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် စစ်ကိုင်းတိုင်းထဲမှာ နေအိမ် ၄,၄၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013