DVB Logo
Home
မြန်မာသတင်း
တနိုင်းတွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်၊ ဖားကန့်ရဲစခန်းရှေ့ ဗုံးပေါက်ကွဲပြီး ရဲ ၃ ဦး ဒဏ်ရာရ
DVB
·
March 25, 2022
တနိုင်းတွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်၊ ဖားကန့်ရဲစခန်းရှေ့ ဗုံးပေါက်ကွဲပြီး ရဲ ၃ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ မတ် ၂၄ ရက်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖားကန့်မြို့ ရဲစခန်းအနီးမှာလည်း ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၂၄ ရက် မနက် ၁၀ နာရီလောက်က  တနိုင်းမြို့နယ် ကောင်ရာကျေးရွာဆီကို စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကောင်ရာကျေးရွာကို စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာ နှစ်ဖက်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာပဲ။ လက်နက်ကြီးသံတွေလည်း ကြားရတယ်။ အထိအခိုက် အကျအဆုံးတော့ ကျနော်လည်း မသိရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နှက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ စစ်ရေးပြင်းထန်နေပြီး မတ်လ ၁၉ ရက်နေ့ကလည်း KIA က မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဖားကန့်မြို့မ ရဲစခန်းအနီးမှာလည်း မတ် ၂၄ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး  ရဲဒုတပ်ကြပ် ၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညနေ ၃ နာရီလောက် ရဲစခန်းအရှေ့မှာ ပေါက်တာ အသံတော့ကျယ်တယ်။ တာဝန်ကျ ဒုတပ်ကြပ်က ခြေထောက်ထိသွားတယ်။ ရဲတပ်သားကလည်း ဗိုက်ကို မိုင်းစထိတယ်။ နောက်တယောက်ကတော့ ဘယ်လိုဖြစ်လဲမသိဘူး သွေးတွေနဲ့တွေ့လိုက်တယ်။ လူနာတင်ကား ချက်ချင်းရောက်လာပြီး တင်သွားတယ်၊ သေမသေတော့ တိတိကျကျမသိရသေးဘူး။” လို့ ရဲစခန်းအနီးနေထိုင်သူ ဒေသခံတဦးက ပြောပါတယ်။

ဖားကန့်မြို့မရဲစခန်းအရှေ့  ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖားကန့်ဥရုရတနာ ကျောက်စိမ်းတောင် တံတားအနီးပိတ်ဆို့ကာ  ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေပြီး ဘယ်အဖွဲ့က ဖောက်ခွဲတယ်ဆိုတာတော့ မသိရသေးပါဘူး။

ဖားကန့်မြို့နယ်မှာ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြနေကြပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း  မြို့နယ်ထွေအုပ်ရုံးနဲ့ ဗျူဟာကုန်းအနီးမှာ ဗုံးသုံးကြိမ်ပေါက်ကွဲခဲ့တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013