DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်က စစ်ဆေးတောင်းရမ်းနေ
DVB
·
March 24, 2022
မုံရွာမြို့ အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်က စစ်ဆေးတောင်းရမ်းနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့ဝင်မြို့ထွက်မှာ စစ်ကောင်စီတပ်တွေက လာသမျှ ယာဉ်တွေ၊ လူတွေကို အကြောင်းမရှိ အကြောင်းရှာပြီး စစ်ဆေး တောင်းရမ်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက အခုလို စစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် မုံရွာမြို့ကိုလာပြီး အလုပ်လုပ်ရတဲ့ အခြေခံလူတန်းစားတွေ အခက်အခဲ ကြီးကြီးမားမား ဖြစ်နေရတယ်လို့လည်း သိရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားတဦးက "ကျနော်တို့က မုံရွာက သီးနှံပွဲရုံကို အလုပ်သွားလုပ်ရတာဗျ။ တခြားသူတွေကတော့ ပန်းရံ၊ လက်သမား၊ ဆီစက်၊ ဆန်စက်တွေစီ သွားပြီး နေ့စားသွားလုပ်နေရတယ်။ နေ့စဉ် အစစ်ခံရတယ်။များ‌သောအားဖြင့် သူတို့မူးတဲ့အချိန်ကြရင် အတော်စိုးတယ်ဗျ။ အလုပ်ကရလာတဲ့ ပိုက်ဆံ အကုန်အသိမ်းခံရတယ်။ ကျနော်တို့မှာ တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေလေ၊ နေ့တွက်လေးကို ပေးလိုက်ရတော့ ဘာနဲ့စားရမလဲ” လို့ ပြောပါတယ်။

မုံရွာမြို့ အဝင်အထွက်တွေဖြစ်တဲ့ အလုံမြို့ဝင်လမ်း၊ ချောင်းဦးအဝင်လမ်း၊ အရာတော်အဝင်လမ်း၊ ညောင်ပင်ကြီးစက်လှေဆိပ်နဲ့ အမြင့်အဝင်လမ်းတွေကို စစ်ကောင်စီက အချိန်ယူ စစ်ဆေးတာတွေ ပြုလုပ်နေပြီး တခါတလေ ရှောင်တခင် စစ်ဆေးတာတွေလည်း လုပ်ဆောင်တယ်လို့ ဒေသခံတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို စစ်ကောင်စီက စစ်ဆေးနေတာဟာ စစ်ကောင်စီတပ်သားတွေအတွက် အပြစ်မဲ့ပြည်သူတွေဆီကနေ ဘေးပေါက် ငွေတောင်းယူရာ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက် ညနေပိုင်းကလည်း မုံရွာမြို့အဝင်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်အတွင်း ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ ဆက်နွှယ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးတာ၊ နေအိမ်တွေကို ချိပ်ပိတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013