DVB Logo
Home
မြန်မာသတင်း
ကနီနှင့် ကလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရ
DVB
·
March 24, 2022
ကနီနှင့် ကလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ကလေးမြို့နယ်တို့မှာ မတ် ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆယ်ရွာချောင်၊ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို မတ် ၂၃ ရက် မနက် ၇ နာရီလောက်က ဆရာစံ YMB-PDF အဖွဲ့၊ ရွှေတြိဂံ PDF အဖွဲ့နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးလောက် သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ သိရပါတယ်။

“ဆရာစံ PDF အဖွဲ့ရဲ့ အထူးတပ်သား ၂ ယောက်က လက်နက်ကြီးနဲ့ သူတို့စခန်းကို အနီးကပ် ဝင်ပစ်တာပါ။ အဲ့မှာတင် စစ်သား ၇ ယောက် သေတယ်။ ကျန်တဲ့ ပူးပေါင်းမဟာမိတ် အဖွဲ့တွေက လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၃ ယောက် သေဆုံးသလို ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိနိုင်တယ်” လို့ ဆရာစံ PDF အဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတွေနဲ့အတူ ပူးပေါင်းမဟာမိတ်အဖွဲ့တွေ စုပေါင်းပြီး ဆယ်ရွာချောင်၊ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မနက် ၆ နာရီခွဲလောက်တည်းက ဝင်တိုက်ဖို့ အစီအစဉ် ဆွဲခဲ့တာဖြစ်ပြီး စခန်းစီးနင်း လက်နက်တွေ သိမ်းနိုင်ဖို့အထိ ရည်ရွယ်ခဲ့ပေမယ့် စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ အချိန်မီ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီရဲ့ ရိက္ခာတင်ယာဉ်တန်း ၁၃ စ်ီးကို ပုလဲ - ယင်းမာပင် လမ်းပိုင်းတနေရာမှာ ဆရာစံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မတ်လ ၂၃ ရက်နေ့ကလည်း ကလေးမြို့နယ်၊ ကြံသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ရေရှင်ရွာအနီး မြစ်သာမြစ်ဘေးမှာ ကင်းပုန်းဝပ်ဖို့ လာရောက်စဉ် ကလေး PDF တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။ 

မတ် ၂၂ ရက်နေ့ကလည်း အဆိုပါကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေကို စစ်ကား ၃ စီး၊ အင်အား ၃၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကလေး PDF တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ကလေး PDF တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်အပြီးမှာ စစ်ကောင်စီတပ်သားတွေဟာ ‌အနီးတဝိုက်ရှိ စစ်ဘေးရှောင်ပြည်သူတွေ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ဖမ်းယူသွားသလို တောင်သူတွေရဲ့ ယာစောင့်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်‌ဘေးရှောင် အမျိုးသားတဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးနယ်တောင်ပိုင်းကို ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ တရွာနဲ့တရွာ ကူးလူးသွားလာတာ မလုပ်ကြဖို့နဲ့ အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေထိုင်ကြဖို့လည်း ကလေး PDF က ထုတ်ပြန် သတိပေးထားပါတယ်။

ကနီမြို့နယ်နဲ့ ကလေးမြို့နယ်တို့မှာ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013