
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ ပျားသုံးကျေးရွာမှာရှိတဲ့ နေအိမ်နဲ့ စစ်ဘေးရှောင် ယာတောတဲတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၄၀ ကျော်ဟာ ပျားသုံးကျေးရွာကို မတ်လ ၂၃ ရက် နေ့လယ်ပိုင်းက ရောက်ရှိလာပြီး ကျေးရွာအဝင်မှာရှိတဲ့ နေအိမ် ၁ လုံးနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ယာတောတဲ ၁၅ လုံးကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံအမျိုးသား ၂၀ ကျော်နဲ့ အမျိုးသမီး ၃၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျားသုံးရွာအရှေ့ မုံရွာ-ကလေးဝ ကားလမ်းပေါ်မှာ နေပူ ၁ နာရီလောက် လှန်းထားပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အချိန် ဒေသခံတွေကို စစ်ကောင်စီဘက်က မိုင်း ၁ လုံးကွဲရင် ကျေးရွာမှာရှိတဲ့ နေအိမ် ၅ လုံးကို မီးလာရှို့မယ်လို့ ပြောဆိုခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို နေအိမ်နဲ့ စစ်ဘေးရှောင် ယာတောတဲတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စားနပ်ရိက္ခာတွေပါ မီးလောင်ပျက်စီးကုန်တာကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီလို မီးရှို့တဲ့ဖြစ်စဉ် မဖြစ်ပွားခင်က ကျော်ကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မင်းကင်းနဲ့ ကနီမြို့နယ်မှာရှိတဲ့ မိတ်ဘက်ပူးပေါင်း PDF တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျအဆုံး ရှိခဲ့တယ်လို့လည်း သိရပါတယ်။