Home မြန်မာသတင်း ရန်ကုန်မြို့တွင် ပေါ်တာဆွဲအကြောင်းပြုပြီး ငွေညှစ်လိမ်လည်နေ
ရန်ကုန်မြို့တွင် ပေါ်တာဆွဲအကြောင်းပြုပြီး ငွေညှစ်လိမ်လည်နေ
ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးနေတာတွေနဲ့ရောပြီး ငွေညှစ်လိမ်လည်တောင်းယူတဲ့ လုပ်ရပ်တွေ ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ မြို့ခံတွေနဲ့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။ လမ်းမှာသွားလာရင်း ပေါ်တာဆွဲရတယ်လို့ ယူဆရတဲ့ လူငယ်တွေရဲ့ မိသားစုဆီ စစ်တပ်က အရာရှိအဆင့်ရှိသူဆိုပြီး ဖုန်းဆက်ကာ စစ်မူမထမ်းအောင် လုပ်ပေးနိုင်ကြောင်းနဲ့ ကျသင့်ငွေပမာဏပြောပြီး တောင်းနေတာလို့ ဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ လူငယ်တွေကို ကူညီရှာပေးဖို့၊ တွေ့ရင်အကြောင်းကြားပေးဖို့ လူမူကွန်ရက်မှာ တင်ထားတာတွေကို ခြေရာခံပြီး ဆက်သွယ်ငွေညှစ်နေတာလို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ ပျောက်နေတဲ့ လူငယ်တယောက်ရဲ့ ဆွေမျိုးတော်စပ်သူတယောက်က “ပျောက်နေတဲ့ကလေးက သူတို့လက်ထဲမှာ ဟုတ်မဟုတ် သေချာပေါက် မပြောနိုင်ဘူး။ ကလေးနဲ့စကားပြောချင်တယ်ဆိုတာ စည်းကမ်းအရ ဖုန်းပြောခွင့်မရှိဘူးဆိုပြီး မလှိမ့်တပတ်နဲ့ ပိုက်ဆံပဲ လွှဲခိုင်းနေတာ” လို့ ပြောပါတယ်။ အဲဒီလူငယ်က သြဂုတ်လလယ်ပိုင်းက အလုပ်သွားရင်း ပျောက်နေတာဖြစ်ပြီး လူမူကွန်ရက်မှာ မိသားစုက အကူအညီတောင်းခဲ့ပြီးနောက် အခုလို ဖုန်းလာတာတွေ ကြုံရတာလို့ ဆိုပါတယ်။ စစ်တပ်ကအရာရှိဆိုပြီး ပျောက်နေတဲ့သူကို ဆေးစစ်တဲ့အခါ ဆေးကျအောင် လုပ်ပေးမယ်လို့ ဖုန်းဆက်ပြောကာ K-Pay ကနေ ပိုက်ဆံလွှဲခိုင်းတဲ့ ဖြစ်ရပ်တွေ ရှိနေတာလို့ ရွှေပြည်သာမြို့နယ်မှာ မကြာခင်က ပျောက်နေတဲ့ လူငယ်တယောက်ကို ပြန်တွေ့အောင် ကူညီရှာပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိတယောက်က ပြောပါတယ်။ “အဲဒီကောင်လေးကိစ္စ လိုက်လုပ်ပေးတော့မှ လုပ်စားတဲ့ လုပ်ပေါက်တွေ သိရတာ။ ရဲစခန်းရောက်တော့ ဒီလို ငွေလိမ်တောင်းတာ အများကြီးရှိနေတာလို့ ရဲကပြောတယ်။” STUM က ကူညီရှာပေးနေတဲ့သူမှာ သြဂုတ် ၂၇ ရက်မှာ အလုပ်အင်တာဗျုးသွားဖြေပြီး အိမ်ပြန်မရောက်ဘဲ ပျောက်နေတဲ့အတွက် လူပျောက်ကြော်ငြာပို့စ် တင်လိုက်တဲ့နောက် ဗိုလ်မှူးအောင်မျိုးဆွေဆိုကာ ဖုန်းဆက်လာတာလို့ ဆိုပါတယ်။ ဒါ့အပြင် ရဲစခန်းမှာ လူပျောက်အမှုဖွင့်တိုင်ထားတာ အများအပြားရှိနေတာ တွေ့ခဲ့ရပြီး အလားတူ ဆက်သွယ်လိမ်လည်ငွေတောင်းတာကို ကာယကံရှင်တော် တော်များများ ကြုံနေကြရတာလို့ သူက ဆက်ပြောပါတယ်။ လက်ရှိ လူငယ်တွေ ပျောက်နေတာနဲ့ပတ်သက်လို့ ပေါ်တာဆွဲခံရတာဆိုပြီး ယူဆနေကြတဲ့အချိန်မှာ အဖွဲ့အစည်းကမဟုတ်ဘဲ အယောင်ဆောင် ဖမ်းဆီးငွေညှစ်တာမျိုးတွေလည်း ရှိလာတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။