DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံက မြန်မာလုပ်သားခေါ်ယူမှု ပြန်လည်စတင်နေ
DVB
·
March 23, 2022
ဂျပန်နိုင်ငံက မြန်မာလုပ်သားခေါ်ယူမှု ပြန်လည်စတင်နေ
Donate to DVB

ဂျပန်နိုင်ငံက မြန်မာလုပ်သားခေါ်ယူမှုကို ၂၀၂၀ ဒီဇင်ဘာလောက်ကစပြီး တနှစ်ကျော် ရပ်နားခဲ့ရာမှ လက်ရှိမှာတော့ ပြန်လည်လက်ခံနေပြီလို့  ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တချို့က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် လူငယ်တွေဟာ နှစ်စဉ် ပြည်ပထွက်ခွာပြီး အလုပ်အကိုင် ရှာဖွေနေကြရတာပါ။ 

ဒါပေမဲ့ ကမ္ဘာတဝန်း ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်ပရွှေ့ပြောင်း လုပ်သားစျေးကွက်အပေါ် သက်ရောက်မှုရှိခဲ့ပြီး နိုင်ငံအသီးသီးမှ အလုပ်ခေါ်ဆိုမှု (demand letter) တွေကလည်း ရပ်ဆိုင်းခဲ့ရပါတယ်။

လက်ရှိမှာတော့ အခုလ မတ်လကစလို့  ဂျပန်နိုင်ငံက မြန်မာလုပ်သားတွေကို ပြန်လည် လက်ခံနေပြီလို့ လိုင်စင်ရအကျိုးဆောင်အေဂျင်စီတချို့က ဆိုပါတယ်။

ဂျပန်နိုင်ငံဆီ အလုပ်သမား တရားဝင်စေလွှတ်ခွင့်ရရှိထားတဲ့ လိုင်စင်ရအကျိုးဆောင်လုပ်ငန်းရှင်တဦးက “ပြည်ဝင်ခွင့် ပေးလိုက်တဲ့အတွက်ကြောင့် ဂျပန်ကနေ ပြန်လာပြီး ပြန်သွားချင်တဲ့ ကလေးတွေကို  ဦးစားပေးအနေနဲ့ စေလွှတ်ပေးနေပါတယ်။ ဂျပန်က အဓိက ဦးစားပေးခေါ်တာက အလုပ်သင်အလုပ်သမား ဆိုပြီးတော့ ခေါ်တာပါ။ အလုပ်သင် အလုပ်သမားတွေ ဆိုတာက မြန်မာပြည်မှာ ဆောက်လုပ်ရေးလုပ်နေတဲ့ အလုပ်သမားတွေကို ဂျပန်နိုင်ငံမှာရှိတဲ့ နည်းပညာတွေ ရအောင် ၃ နှစ်တာ သင်တန်းပေးတဲ့ အနေဖြင့် ခေါ်ယူတာနော်။ အဓိက ခေါ်တာများတာကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ ဂျပန်လူငယ်တွေ သိပ်ပြီး မလုပ်ချင်တဲ့ အလုပ်ကလေးတွေပေါ့နော်။ ဥပမာ- စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေ အဲဒါမျိုးလေးတွေကို လုပ်ကြပါတယ်။ ယောက်ျားလေးတွေအတွက်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းက တော်တော်လေးကို ခေါ်ပါတယ်။ ဆောက်လုပ်ရေးမှာလည်း မျိုးစုံနော်။ လမ်းတံတားမှာလုပ်ရတာ၊ တချို့လည်း ဆေးသုတ်တာ၊ ငြမ်းဆင်တာတို့ပေါ့။ အဲဒါမျိုးတွေက များပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တဦးကလည်း “စာချုပ်သက်တမ်းကတော့  ၃ နှစ်ပဲ။ လအားဖြင့် ဆိုရင် ၃၆ လ ပေါ့။ ၃၆ လ ပြည့်သွားရင်တော့ ပြန်ရတယ်။ ကိုယ့်နိုင်ငံဆီ ပြန်ရတဲ့အချိန်မှာလည်း သူတို့ဆီမှာ အလုပ်သင် သင်တန်းတက်ခဲ့တယ်ဆိုတဲ့ အထောက်အထား လက်မှတ်ထုတ် ပေးလိုက်ပါတယ်။ လက်မှတ်ထုတ်ပေးတာကတော့ သူတို့နိုင်က လုပ်ငန်းရှင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အစုအဖွဲ့ ဆိုတာ ရှိတယ်။ အဲ့ဒီ့အဖွဲ့က လက်မှတ်ထုတ်ပေးတာပါ။ ဒါကြောင့် လုပ်ငန်းခွင်သက်တမ်း ပြည့်လို့  ကိုယ့်နိုင်ငံဆီ ပြန်ရောက်တဲ့ အခါမှာလည်း အဲ့ဒီ့လက်မှတ် ပါလာလို့ရှိရင် ပြည်တွင်းမှာရှိတဲ့ ဂျပန်ကုမ္ပဏီတွေမှာ အလုပ်ပြန်လျှောက်ပြီး လုပ်လို့ရတယ်နော်။” လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ အလုပ်သမားဥပဒေအရ တနေ့ အလုပ်ချိန် ၈ နာရီ ရှိပြီး တပတ်မှာ တနင်္ဂနွေ တရက် နားရပါတယ်။ တနာရီကို အခြေခံလစာက ဂျပန်(ငွေကြေး) ယမ်း ၉၅၀ ရှိတာကြောင့် တရက်ကို အနိမ့်ဆုံးလုပ်ခ ဂျပန်(ငွေကြေး) ယမ်း ၇၆၀၀ ရရှိကာ တလဆိုရင် ဂျပန်(ငွေကြေး) ယမ်း ၁၉၇,၆၀၀ ရှိတယ်လို့ သိရပါတယ်။

ဂျပန်မှာ အလုပ်သွားလုပ်ဖို့ ကုန်ကျစရိတ်အနေနဲ့ အလုပ်သမားဝန်ကြီးဌာနက တရားဝင်သတ်မှတ်ထားတာက အမေရိကန် ဒေါ်လာ ၂၈၀၀  ရှိတယ်လို့  ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ စစ်တပ်အာဏာသိမ်းတဲ့ ဘေးအန္တရာယ်ကြောင့် မြန်မာပြည်တွင်းမှာ စီးပွားရေးပျက်ကပ်ကြုံပြီး အလုပ်အကိုင်တွေရှားပါး အလုပ်လက်မဲ့ များနေပါတယ်။

ဒါကြောင့် မြန်မာလူငယ်တွေဟာ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ လာအို၊  မလေးရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေကို  ထွက်ပြီး အလုပ်သွားလုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013