စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ကသာမြို့နယ်တို့မှာ မတ် ၂၃ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဉ်တန်း ၁၃ စီးဟာ ပုလဲမြို့နယ် တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့တွေအတွက် အင်အားဖြည့်ဖို့ လာရောက်စဉ် လက်ပံကန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။
ပုလဲ PDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက “တိုက်ပွဲက ပထမလက်ပံကန်ရွာ အနောက်ဘက် တယ်ပင်ကန်တံတား အရှေ့ဘက်ကနေ တိုက်ခိုက်ခဲ့တယ်။ မိုင်း ၈ လုံးနဲ့ စတင်တိုက်ခိုက်တယ်။ အဲလို မိုင်းဆွဲလို့ ကားတန်း ရပ်တန့်လိုက်တယ်။ အဲလိုရပ်တန့်နေတဲ့အချိန် ကျနော်တို့ တဖက်ပွင့်စိန်ပြောင်း ၆ လုံးနဲ့ ကားနောက်ပိုင်းကို ပစ်ခတ်ခဲ့တယ်ဗျ။ ကား ၂ စီးကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးသွားတယ်။ စစ် (-) တွေလည်း အထိအခိုက်များမယ်” လို့ ပြောပါတယ်။
ကသာမြို့နယ်မှာလည်း မတ် ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧရာဝတီမြစ်အတွင်းက စစ်ကောင်စီတပ်သင်္ဘောကို လုံခြုံရေးယူဖို့ ခြေလျင်စစ်ကြောင်း တက်လာစဉ် ကသာမြို့နယ် ချောင်းဝကျေးရွာအနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မနက် ၆ နာရီလောက် မင်းကျောင်းကုန်းကျေးရွာကတပ်၊ ဧရာဝတီမြစ်ထဲ ကပ်ထားတဲ့ စစ်ကောင်စီ သင်္ဘောကို လုံခြုံရေးပေးဖို့ ခြေလျင်စစ်ကြောင်း တက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံရတာ။ ပြည်သူ့ကာကွယ်ရေးတပ် PDF က မိုင်း ၈ လုံးဆွဲခဲ့တာ၊ နှစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေလည်း အများကြီးရှိတယ်” လို့ ပြောပါတယ်။
အင်အား ၅၀ ထက်မနည်းပါရှိတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူတွေကို သင်္ဘောနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မတ် ၁၄ ရက် မနက်ပိုင်းကလည်း ကသာမြို့နယ်ကို ဧရာဝတီမြစ်အတွင်းက ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ရှော့တိုက်ဒုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။