DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်၌ မိုးအဆက်မပြတ်ရွာနေသဖြင့် စစ်ဘေးရှောင်ပြည်သူများ နေစရာအခက်ကြုံ
DVB
·
March 23, 2022
ပုလဲမြို့နယ်၌ မိုးအဆက်မပြတ်ရွာနေသဖြင့် စစ်ဘေးရှောင်ပြည်သူများ နေစရာအခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မတ်လ ၂၂ ရက်က စပြီး မုန်တိုင်းအရှိန်ကြောင့်  မိုးအဆက်မပြတ်ရွာနေတဲ့အတွက် မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေဟာ နားခိုစရာမရှိဘဲ အခက်အခဲတွေ့နေပါတယ်။

ဖေဖော်ဝါရီလဆန်းမှာ စစ်ကောင်စီက ပုလဲမြို့နယ် မွေ့တုံရွာ၊ ပန်းရွာ၊ လှော်ကားရွာတို့အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်ပြည်သူတွေဟာ မီးဘေးအပြင် မိုးရွာတဲ့ဒဏ်ကိုပါ ထပ်ပြီးခံစားနေရတာပါ။

ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စု၊ ကျေးရွာပေါင်း ၁၈၈ ရွာတည်ရှိတဲ့ ပုလဲမြို့နယ်မှာနေထိုင်တဲ့ ပြည်သူ ၁ သိန်းခွဲကျော်ဟာ စစ်ဘေး၊ မီးဘေး၊ မုန်တိုင်းဘေးတွေကြောင့် နေထိုင်ဖို့အမိုး အကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပြတ်လပ်နေကြပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတဦးက "အခုတောင်မိုးကရွာနေဆဲပဲဗျ။ ပုလဲမြို့နယ်မှာ စစ်ကောင်စီက မီးရှို့ထားတဲ့ ဆယ်ရွာထက်မနည်းမှာ နေထိုင်တဲ့ပြည်သူတွေကတော့ အခုအနေအထားမှာ နေပူတုန်းကလည်း ပူသလို ဒုက္ခရောက်ခဲ့တယ်။ အခု မုန်တိုင်းမိုးကြောင့် အနေအထိုင်တော်တော်လေးဒုက္ခရောက်ကြရတယ်။ တောထဲမှာ ယာအစပ်တွေမှာ တဲထိုးပြီးနေကြတယ်။ လုံလုံခြုံခြုံမဟုတ်ဘူးပေါ့ဗျာ။ အဖြစ်လေးတွေပေါ့။ သူတို့မှာ မိသားစုကြီးတဲ့သူတွေဆို ပိုဆိုးတယ်ဗျ။ နေပူတာကမှ အရိပ်ရှာနေလို့ရသေးတယ်။ မိုးရွာတော့ သူတို့မှာ နေစရာအရိပ်က မိုးခိုစရာမရှိဘူးဗျ။ မိုးရွာနေတော့ ချက်ရေးပြုတ်ရေးလည်း အင်မတန်ခက်ခဲတယ်။ အစားအသောက်တွေလည်းခက်ခဲကြတယ်။" လို့ ပြောပါတယ်

မိုးရွာနေတဲ့ကြားက စစ်ကောင်စီက စစ်ကား ၁၃ စီးနဲ့ တ်လ ၂၃ ရက်နေ့မနက်ပိုင်းကစပြီး  ပုလဲမြို့နယ်ကို ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့အတွက် ဒေသခံ PDF တွေပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ဟန့်တားဖို့ ကြိုးစားနေကြပါတယ်။

စစ်ကောင်စီလမ်းကြောင်း မြို့နယ်ထဲရောက်မလာအောင် ဒေသခံကာကွယ်ရေးတပ်တွေက လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပေမဲ့ အင်အားမမျှတဲ့အတွက် အခက်အခဲတွေ့နေရတယ်လို့ ဆိုပါတယ်။ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေတဲ့ ပြည်သူတွေရဲ့လုံခြုံရေး စိုးရိမ်စရာဖြစ်တယ်လို့ ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

"ကျနော်တို့ မဟာမိတ်တွေက ပူးပေါင်းပြီးတော့ မိုင်းဆွဲတိုက်ခိုက်တာတွေရှိတယ်။ အဲ့ဒီအင်အားကို လုံးဝမလာအောင်က တားထားလို့မရဘူးဗျ။ ပေါက်လာခဲ့မယ်ဆိုရင် မီးဘေးကသင့်သေးတယ်။ အခုမုန်တိုင်းက ဝင်လာတယ်။ စစ်ကောင်စီရန်ကိုလည်း ကြောက်ရတယ်။ အဲ့ဒီအတွက် ပြည်သူတွေ ကျန်းမာရေးချို့တဲ့တာတွေဖြစ်လာနိုင်တာမို့လို့ ကျနော်တို့က စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခရောက်မှာကို တော်တော်လေးစိုးရိမ်နေပါတယ်။"

ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ရွာတွေကို မီးရှို့အကြမ်းဖက်မှုကြောင့် တကွဲတပြားဖြစ်နေတဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံရေးအတွက် ဒေသခံ PDF တွေက ကြိုးစားဆောင်ရွက်ပေး နေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်တွေ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို အချိန်နဲ့တပြေးညီ ပြည်သူကိုတင်ပြနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက မတ်လ ၁၅ ရက်အထိ စစ်ကိုင်းတိုင်းထဲမှာ နေအိမ်ပေါင်း ၄၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားတယ်လို့ Data Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းဒေသခံ အရပ်ဖက်အဖွဲ့တွေကတော့ ငွေကျပ် ၅ သောင်းတန် တန်ဖိုးနည်း တဲအိမ်တွေ တည်ဆောက်ပြီး ဒေသခံတွေကို ကူညီဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013