DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် မြန်မာလူထု မကြုံစဖူးအခက်ကြုံ၊ အမျိုးသမီးများ ဒုက္ခပိုရောက်ဟု ကုလ ပြော
DVB
·
March 9, 2022
စစ်အာဏာသိမ်းပြီးနောက် မြန်မာလူထု မကြုံစဖူးအခက်ကြုံ၊ အမျိုးသမီးများ ဒုက္ခပိုရောက်ဟု ကုလ ပြော
Donate to DVB

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာလူထု မကြုံစဖူး အခက်အခဲတွေ ဖြစ်စေပြီး အမျိုးသမီးတွေဟာ  ဒုက္ခပိုရောက်ခဲ့ရတယ်လို့ ကုလသမဂ္ဂ စစ်တမ်းမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) နဲ့ ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကနေ ကြီးကြပ်လုပ်ဆောင်တဲ့ ဒီစစ်တမ်းဟာ မနှစ် နိုဝင်ဘာလကနေ ဒီဇင်ဘာလအထိ အမျိုးသမီး ၂၂၀၀ ဦးနဲ့ တွေ့ဆုံမေးမြန်းချက်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။

အဲဒီစစ်တမ်းအသစ်အရ အမျိုးသမီးတွေဟာ အစာလျှော့စားသူတွေ ဖြစ်နိုင်ခြေရှိကြောင်းနဲ့ သူတို့မိသားစုတွေ ရှင်သန်ရပ်တည်နိုင်ရေးကို ကူညီဖို့ သူတို့ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေကို ရောင်းချခဲ့တာတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

ယေဘုယျအားဖြင့် အိမ်ထောင်စုတွေဟာ သူတို့ရဲ့ တခြားစားဝတ်နေရေးစရိတ်တွေကို ကာမိစေဖို့ သူတို့ရဲ့အစားအစာ စားသုံးမှုကို ဖြတ်ချထားချိန်မှာ မိသားစုတွေရဲ့ ၃၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တဲ့ အမျိုးသမီးတွေက လျှော့စားနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ 

အိမ်ထောင်စု ၁၀ စုမှာ ချေးငွေယူတဲ့ ၆ စုက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမျိုးသမီးတွေမှာ အလုပ်အကိုင်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကနေ ဝေးကွာနေရဖို့ တွန်းအား‌ပေးခံနေရတယ်လို့ ဆိုပါတယ်။ 

အမျိုးသမီး ၃၀ ရာခိုင်နှုန်းလောက်ဟာ နေ့ခင်းဘက်မှာတောင် သူတို့ရဲ့ပတ်ဝန်းကျင်မှာ မလုံခြုံသလို ခံစားနေရပြီး ဒီ့ထက်ပိုများတဲ့ ၃၄ ဒသမ ၉ ရာခိုင်နှုန်းဟာ ညဘက်တွေမှာလည်း ကိုယ့်နေအိမ်တွေထဲမှာလည်း မလုံခြုံသလို ခံစားနေရတာပါ။

စစ်တပ်က အာဏာသိမ်းလိုက်တာကနေ ကူးစက်ရောဂါနဲ့ မလုံခြုံမှုတွေ မြင့်မားလာမှုက အမျိုးသမီးတွေရဲ့ ဘဏ္ဍာငွေကြေးနဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေပါတယ်လို့ UNDP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာဒါရိုက်တာ မစ္စကန်နီဝစ်နာရာဇာက မတ်လ ၈ ရက် အင်္ဂါနေ့မှာ  ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးတွေရဲ့ဘေးကင်းမှု၊ အေဂျင်စီနဲ့ စွမ်းဆောင်ရည်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မရှိရင် သူတို့ဟာ သူတို့ရဲ့ ဘဝတွေကို တာဝန်ယူနိုင်မှာ မဟုတ်သလို မိသားစုတွေကိုလည်း စောင့်ရှောက်နိုင်မှာ မဟုတ်ကြောင်းနဲ့ ဒါဟာ အနာဂတ်မျိုးဆက်သစ်တွေနဲ့ မြန်မာနိုင်ငံ တစ်ခုလုံးရဲ့ သာယာဝပြောရေးကို တိုက်ရိုက်ထိခိုက်စေလိမ့်မှာဖြစ်ကြောင်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့စစ်တမ်းမှာ အာဏာသိမ်းမှုနဲ့ ကပ်ရောဂါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီခေတ်ကာလမှာ ပြုလုပ်ခဲ့တဲ့ ကျားမတန်းတူ ညီမျှမှုဆိုင်ရာ တိုးတက်မှုကို ခြိမ်းခြောက်နေကြောင်း ပြသခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းယူမှုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း တိုးတက်မှုကို ပြောင်းပြန် လှန်ပစ်နိုင်ဖွယ်ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဆက်လက်တည်ရှိနေတဲ့ ကျား-မ ခွဲခြားဆက်ဆံမှုကို ချေဖျက်ဖို့ လိုအပ်တဲ့ အဖွဲ့အစည်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ အပြောင်းအလဲတွေဟာ စစ်အုပ်ချုပ်ရေးအောက်မှာ ဖြစ်လာနိုင်စရာ မရှိဘူး လို့လည်း ဆိုပါတယ်။

အလုပ်လက်မဲ့ တိုးလာခြင်းဟာ လူတွေကို မိရိုးဖလာ ကျား၊ မ ရေးရာ အခန်းကဏ္ဍကို ပြန်ရောက်သွားဖို့ တွန်းအား ဖြစ်စေပြီးတော့ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စနဲ့ကလေးထိန်း အလုပ်တွေကိုပဲ အတင်းအကျပ် ပိုလုပ်ခိုင်းသလို ဖြစ်နေပြီလို့လည်း ဆိုပါတယ်။ 

ဒီဆုတ်ယုတ်မှုကို လျော့ပါးသက်သာစေဖို့အတွက် ဖွံ့ဖြိုးရေးအဖွဲ့တွေဟာ အမျိုးသမီးတွေကို တိုက်ရိုက် ၀င်ငွေ ပံ့ပိုးပေးခြင်းအပြင် အမျိုးသမီးတွေပိုင်ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီကြဖို့ အစီရင်ခံစာက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013