DVB Logo
Home
မြန်မာသတင်း
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ဘေးက စစ်ဘေးရှောင်များ အခက်အခဲကြုံ
DVB
·
February 19, 2022
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ဘေးက စစ်ဘေးရှောင်များ အခက်အခဲကြုံ
1 / 4
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သောင်ရင်းမြစ်ဘေးမှာ ဖေဖော်ဝါရီ ၁၈ ည ၇ နာရီလောက်က မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ထောင်နဲ့ချီခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရေးအခက်အခဲတွေအပြင်  နေထိုင်မကောင်းဖြစ်မှာ စိုးရိမ်နေကြတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က စတင်ပြီး စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ကျေးရွာ ၅ ရွာက ထောင်နဲ့ချီတဲ့ နေရပ်ပြန်စစ်ဘေးရှောင်တွေဟာ ပြန်လည်ထွက်ပြေးတိမ်းရှောင်နေရင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေထဲမှာ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးပါဝင်ပြီး ဖေဖော်ဝါရီ ၁၇ ရက် ညကစတင်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် နေထိုင်ရေးအပြင် ကလေးငယ်တချို့ဟာ အအေးမိတာ၊ နှာစေးချောင်းဆိုးတာအပြင် ဝမ်းရောဂါတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီလို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

ဖလူးကြီးကျေးရွာသားတစ်ဦးက “အခုနေထိုင်နေရတာ လုံးဝအဆင်မပြေဘူး။ အဆင်မပြေတာတွေ ပြောနေရင် ကုန်မှာမဟုတ်ဘူး။ ကျနော်တို့အိမ် ကျနော်တို့ အေးအေးဆေးဆေး ပြန်ချင်ပြီ။ အခုကလေးတွေက နေထိုင်မကောင်းတာတွေ စလာပြီ။ အိမ်ပြန်ဖို့ စစ်ပွဲတွေ အမြန်ပြီးစေချင်ပြီ” လို့ ပြောပါတယ်။

စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမိုးကျော်က  ”လတ်တလောမှာ အချိန်အခါမဟုတ် ရွာသွန်းလိုက်တဲ့အတွက် လိုအပ်နေတဲ့မိုးကာတွေကို အမြန်ဆုံး ကူညီဖြေရှင်းပေးဖို့ ရှိပါတယ်။ ရှောင်တိမ်းလာတဲ့ စစ်ရှောင်တွေကများတော့ မလုံလောက်မှုတွေရှိခဲ့တယ်။ လိုအပ်တာတွေကို ကူညီလှူဒါန်းဖို့ အဖွဲ့အစည်းတွေကလည်း လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်က တာခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲကိုကင်းရွာအနီးက မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက အပြီးပိတ်သိမ်းလိုက်တဲ့အတွက် ကျေးရွာ ၁၀ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နယ်စပ်သောင်းရင်းမြစ်တလျှောက်မှာ ခိုလှုံနေရတာပါ။

စစ်ကောင်စီရဲ့ မြေပြင်လက်နက်ကြီးတွေနဲ့အတူ လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာအတွင်း ပိတ်မိနေသူတွေကို သွားရောက်ကယ်ဆယ်ခဲ့တဲ့ အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦးဟာ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီလောက်က စစ်ဘေးရှောင်စခန်းကနေ နေရပ်ပြန်လာခဲ့တဲ့ အသက် ၄၀ အရွယ်အမျိုးသမီးဟာ နေအိမ်မှာနေထိုင်နေစဉ် စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013