DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ် တင်သားရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်၊ အသတ်ခံရသူ ၇ ဦးရှိလာ
DVB
·
March 23, 2022
ကလေးမြို့နယ် တင်သားရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်၊ အသတ်ခံရသူ ၇ ဦးရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တင်သားရွာရဲ့တောင်ဘက် ကြံသာ‌ကျေးရွာအနီး ဝဲတောင်မှာ မတ် ၂၂ ရက်နေ့မနက်ပိုင်းက တောင်ယာသွားလုပ်တဲ့ ဒေသခံအမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြံသာကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက တင်သားရွာကနေ တောင်ယာလာလုပ်တဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်ပြီး အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ကြံသာသင်္ချိုင်းမှာ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခံရသူဟာ တင်သားရွာနေကျေးရွာနေ အသက် ၄၀ အရွယ် ဦးဇော်မျိုးအောင်ဖြစ်တယ်လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးတဦးက “ကျမတို့ ပဲချိတ် (ပဲရိတ်သိမ်း) နေတဲ့ ယာခင်းထဲကို သူတို့က ရုတ်တရက်‌ရောက်လာပြီးတော့ ‌သေနတ်တွေနဲ့ ပစ်ခတ် ခြောက်လှန့်ခဲ့တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ တောင်ယာလုပ်နေတဲ့ တင်သားရွာသား အမျိုးသား ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၂၀ ကျော် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေထဲက အသက် ၁၇ နှစ်အရွယ် ကျောင်းသား မောင်ရှိုင်းသူဖြိုး၊ အသက် ၄၀ အရွယ် ဦးနန်းလှိုင် အပါအဝင် ရွာသား ၆ ယောက်ကိုတော့ တပ်စွဲထားတဲ့ ကြံသာကျေးရွာက စခန်းအနောက်ဘက် တောင်ယာခင်းထဲမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းမှာ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရပြီး လွတ်မြောက်လာသူတဦးက “ကျနော်တို့ကို PDF တွေ ထောက်ပံ့သလား၊ PDF ဘယ်လောက်အင်အားရှိလဲ ဆိုပြီးလည်း မေးတယ်။ ဖုန်းပါတဲ့သူကို ဖုန်းတွေစစ်တယ်၊ ရိုက်လည်းရိုက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကြံသာကျေးရွာမှာ တပ်စွဲထားတာ ၇ လဝန်းကျင် ကြာမြင့်နေပြီဖြစ်ပြီး တောင်ယာသွားလုပ်တဲ့ အပြစ်မဲ့ပြည်သူ ၃ ဦးလည်း ဖမ်းဆီးခံထားရကာ ဒီနေ့ချိန်ထိ ပြန်မလွတ်လာသေးသလို ဘာသတင်းမှလည်း မရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်စွဲထားတဲ့ ကြံသာကျေးရွာဟာ ပျူစောထီးတွေ ကြီးစိုးတာကြောင့် ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေကို မိသားစုဝင်တွေက သွားမမေးရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တင်သားကျေးရွာသားတွေဟာ တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်စားသောက်ကြတဲ့ တောင်သူတွေဖြစ်ပြီး တောင်ယာလုပ်နေတဲ့ ယာခင်းထဲထိ လာရောက်ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်နေတာကြောင့် ရွာသားတွေ တောင်ယာသွားဖို့ ထိတ်လန့်ကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013