DVB Logo
Home
မြန်မာသတင်း
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဝန်ထမ်း ၂၀၀ ကျော်ကို NUG က အမည်ပျက်စာရင်းသွင်း ထုတ်ပယ်
DVB
·
March 23, 2022
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဝန်ထမ်း ၂၀၀ ကျော်ကို NUG က အမည်ပျက်စာရင်းသွင်း ထုတ်ပယ်
1 / 2
Donate to DVB

အကြမ်းဖက် စစ်ကောင်စီဩဇာခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဒုတိယအထွေထွေမန်နေဂျာ၊ လက်ထောက်အထွေထွေမန်နေဂျာတွေ အပါအဝင် အမှုထမ်း အရာထမ်း ၂၀၀ ကျော်ကို အမည်ပျက်စာရင်း သွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်ပါတယ်။

NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဒီကနေ့ မတ် ၂၃ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ မတရားတဲ့ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်စေရေးတို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိနှိပ်တာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာ၊ ပြည်သူ့အစိုးရက ပြန်လည်ပေးဆပ်ဖို့ မလိုကြောင်း ထုတ်ပြန်ထားတဲ့ ၂ လစာ ချေးငွေတွေကို ပြန်လည်တောင်းခံတာတွေ အပါအဝင် အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့အပြင် ပြည်သူလူထုကို အကြမ်းဖက် နှိပ်စက်နေတဲ့ စစ်ကောင်စီယန္တရား လည်ပတ်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်က ဖော်ပြပါ အရာထမ်း၊ အမှုထမ်း ၂၁၂ ယောက်တို့ကို အမည်ပျက်စာရင်း သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကြေညာခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၇၀၀ နီးပါးနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၈၇၅ ယောက်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013