DVB Logo
Home
မြန်မာသတင်း
CDM ဝန်ထမ်းများအား ‌ငွေအား၊ စိတ်ဓာတ်အား ထောက်ပံ့ကူညီရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း
DVB
·
March 23, 2022
CDM ဝန်ထမ်းများအား ‌ငွေအား၊ စိတ်ဓာတ်အား ထောက်ပံ့ကူညီရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း
1 / 4
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပြီး မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက မားမားမတ်မတ် ရပ်တည်နေကြတဲ့ CDM ဝန်ထမ်းတွေကို ပြည်သူတွေအနေနဲ့ ‌ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ထောက်ပံ့ကူညီကြဖို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက တိုက်တွန်းလိုက်ပါတယ်။

“CDM ဝန်ထမ်းဆိုတာ သူတို့ဘဝတခုလုံးကို ဒီတော်လှန်ရေးကြီးထဲမှာ ရင်းနှီးထည့်ဝင်ထားကြသူတွေပဲဗျ။ အခု CDM ဝန်ထမ်းအများစုဟာ စားရေးအပြင် နေရေးအတွက်ပါ ဝန်ထမ်းဘဝကို အမှီပြုပြီး ရပ်တည်နေထိုင်ခဲ့ကြရသူတွေပါ။ ဒီနိုင်ငံမှာက တခါတလေ စားရေးထက် နေရေး ခက်တတ်တယ်မဟုတ်လား။ အခုဆို CDM ဝန်ထမ်းတွေဟာ စားဝတ်နေရေး များစွာ ခက်ခဲကျပ်တည်းနေကြတာ အားလုံးအသိပါ။ သူတို့ဟာ နေ့စဉ်ဘဝမှာ အခြားသော အခက်အခဲ၊ ခြိမ်းခြောက်မှု၊ အန္တရာယ်ပေါင်းများစွာကိုလည်း ရင်ဆိုင်ကျော်ဖြတ်နေကြရတာပါ။”

ဒေါက်တာတေဇာဆန်းဟာ မန္တလေးဆေးတက္ကသိုလ်က ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီးနောက် စာကြည့်တိုက်မှူးနဲ့ NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်မှာတော့ ချို့တဲ့သူတွေအတွက် အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ပေးတဲ့ Beautiful Mind Foundation ကို တည်ထောင်ခဲ့ပြီး မန္တလေး ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းခံရမှု ဖြစ်ပွားပြီး ရက်မကြာမီမှာပဲ အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး မန္တလေးမြို့က စတင်တဲ့ အဆိုပါ ပထမဆုံး ဆန္ဒပြမှုပြီး နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ထပ်ပြီးတော့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ‌ဒေါက်တာတေဇာဆန်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် တရားစွဲဆိုထားပေမယ့် သူကတော့ လက်ရှိအချိန်ထိ ဆက်လက်ပြီး လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

“နွေဦးပြည်သူ့တော်လှန်ရေးကြီးမှာ CDM ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍနဲ့ အကျိုးသက်ရောက်မှုက အလွန်ကြီးမား ထိရောက်ပါတယ်။ သူတို့ကြောင့် အခုချိန်ထိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်အုပ်ချုပ်ရေး ယန္တရားတွေ အပြည့်အဝ မလည်ပတ်နိုင်တာ ဖြစ်တယ်။ စစ်အုပ်စုဟာ နိုင်ငံ‌တော်ရဲ့ တရားဝင်အစိုးရ မဟုတ်ဘူး ဆိုတာကိုလည်း ဒီ CDM တိုက်ပွဲက အကောင်းဆုံး ဖော်ပြနေတယ်။ ဒီ CDM တိုက်ပွဲသည် နွေဦးတော်လှန်ရေးကြီးမှာ ကနဦးဆုံး အလံလွှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ CDM သူရဲကောင်းတွေဟာ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ရပါစေ၊ အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် CDM တိုက်ပွဲအလံကို လုံးဝ အယိမ်းအယိုင်ခံမှာ မဟုတ်ပါဘူး။ CDM လုပ်ခြင်းသည် သူတို့အနေနဲ့ တော်လှန်ရေးမှာ တရက်ကို ၂၄ နာရီ၊ တပတ်ကို ၇ ရက် အချိန်ပြည့် ပါဝင်ဆင်နွှဲနေကြခြင်းပါပဲ။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီ CDM သူရဲကောင်းတွေကို လေးလေးနက်နက် ဂုဏ်ပြုသင့်ပါတယ်၊ CDM ဝန်ထမ်းများနဲ့ CDM တိုက်ပွဲရဲ့ တန်ဖိုးကို လေးစား အသိအမှတ်ပြုကြဖို့ လိုပါတယ်။ CDM တိုက်ပွဲ မဏ္ဍိုင်ကြီး ဆက်လက်ပြီး ကြံ့ကြံ့ခံနိုင်ဖို့ ပြည်သူတွေအနေနဲ့ တတ်စွမ်းသမျှလည်း ‌ငွေအား၊ စိတ်ဓာတ်အားနဲ့ ထောက်ပံ့ကူညီကြဖို့ လိုပါမယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အာဏာသိမ်းယူမှုကို ပြည်သူတရပ်လုံးက ဆန့်ကျင် တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013