
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဆည်ထန်းတောကြီးကျေးရွာကို မတ်လ ၂၂ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "မနေ့ကညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့တယ်၊ သူတို့ဝင်လာပြီး ပြည်သူလူထုနေအိမ် ၈ လုံး မီးရှို့သွားခဲ့တယ်။" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် ကောက်ပဲသီးနှံတွေ၊ ဆိုင်ကယ်နဲ့ စက်ပစ္စည်းတွေပါ မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မတ် ၁၆ ရက် မနက် ၁၁ နာရီကျော်လောက်ကလည်း ယင်းမာပင်မြို့နယ်အတွင်းက ဘန့်ဘွေးမြောက်ရွာက နေအိမ် ၁၆ လုံး၊ ထန်းဇင်ကျေးရွာက ၅ လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ပန်ကျေးရွာက နေအိမ် ၂ လုံးကို မွှေနှောက် ရိုက်ဖျက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အတော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ အထိနာနေတာကြောင့် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေယူတာ၊ ဒေသခံတွေကို ရိုက်နှက်ဖမ်းဆီးပြီး ပစ်သတ်တာတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။