DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ယတြာချေခရီးစဉ်မတိုင်ခင် ပြည်မြို့၌ လုံခြုံရေး တင်းကျပ်စစ်ဆေးနေ
DVB
·
March 22, 2022
စစ်ခေါင်းဆောင်၏ယတြာချေခရီးစဉ်မတိုင်ခင်   ပြည်မြို့၌ လုံခြုံရေး တင်းကျပ်စစ်ဆေးနေ
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ယတြာချေဖို့ ရည်ရွယ်ပြီး လာရောက်ဖို့ အစီအစဉ်ရှိနေတာကြောင့် ထင်ရှားတဲ့နေရာတွေကို ပြင်ဆင်နေပြီး စစ်အင်အားအလုံးအရင်းနဲ့  လုံခြုံရေးတင်းကျပ်ချထား စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်း မတ် ၂၇ ရက် တော်လှန်ရေးနေ့မတိုင်ခင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ လာမယ်ဆိုပြီး ပြည်မြို့ရဲ့ ထင်ရှားတဲ့ သရေခေတ္တရာရှေးဟောင်းဇုန်၊ ရွှေဆံတော်ဘုရား၊ ၀န်ချတောင်တွေကို ပြုပြင်မွမ်းမံနေတယ်လို့ ရှေးဟောင်းပြတိုက်အနီးနေသူတယောက်က ပြောပါတယ်။

“သူတို့က အခုရက်ပိုင်းလာမှာသေချာတယ်။ အခု သရေခေတ္တရာရှေးဟောင်းဇုန်ထဲက ပြတိုက်ကို ကျည်ကာမှန်တွေ တတ်ခိုင်းလို့လည်း ပြီးသွားပြီ၊ သူတို့အတွက်လုပ်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က တိတ်တိတ်ကလေးလုပ်နေတာ၊ တန်ဖိုးကြီးတဲ့ ရှေးဟောင်းပစ္စည်းတွေကို ကျည်ကာမှန်တတ်တာပါ။ အခုရက်ပိုင်းပြတိုက်ထဲကို လာသူမှန်သမျှ ဓာတ်ပုံရိုက်ဖို့ နေနေသာ ဖုန်းထုတ်တာနဲ့ တန်းပြီး ခေါ်စစ်တာ။ အစစ်အဆေးလည်း အရမ်းကြမ်းတာ၊ သူတို့က ၂၅ ရက်နေ့ လာမယ်လို့တော့  ပြောတာပဲ။” 

ဒါ့အပြင် ပေါက်ခေါင်းမြို့နယ်ထဲက ကန်ချင်းကျေးရွာမှာလည်း အကြီးစားပြင်ဆင်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ 

“ကန်ချင်းကျေးရွာကိုလည်း သွားမှာ။ အဲ့ဒိမှာက ဆေးရုံလား၊ အထက်တန်းကျောင်းလားတော့ မသိဘူးဖွင့်ပွဲလုပ်မှာ၊ အဲ့ဒီမှာလည်း အကြီးစားပြင်ဆင်မှုတွေလုပ်နေတယ်။ ကန်ချင်းရွာက ပေါက်ခေါင်းမြောက်ဘက် ၁၄ အုပ်စုမှာ  အစွန်ဆုံးမှာရှိတယ်၊ ရွှေပန်းတောနဲ့လည်း နီးတယ်။ အဲ့ဒီနယ်က အစိမ်းတွေများတယ်။ အရင်ကတော့ တွဲဖက်အထက်တန်းကျောင်းရှိတာ အဲ့ဒါကို အဆင့်မြှင့်ပေးဖို့ရှိတယ်လို့လည်း ကြားတယ်။ သူကတိုက်နယ် အဆင့် ရှိတယ်။ အခုအဲဒီမှာ စစ်ကောင်စီတပ်သား ၁၀၀ လောက်လာချထားတယ်၊ အစစ်အဆေးတွေည်း လုပ်နေတယ်။”

ပြီးခဲ့တဲ့ရက်တွေကတည်းက ပြည်လေယာဉ်ကွင်းမှာလည်း  စစ်ကောင်စီတပ်သား ၁၀၀ လောက်ချထားပြီး ရွှေဆံတော်ဘုရားနဲ့ ၀န်ချတောင်တွေကို လာတဲ့ ဘုရားဖူးတွေကို စစ်ဆေးနေပါတယ်။

အရင် မဆလ အာဏာရှင် ဦးနေဝင်းဟာလည်း ပြည်၀င်ပြည်ထွက်လုပ်တာ၊ ၀န်ချတောင်းပန်တာတွေလုပ်ဖို့ ပြည်မြို့ကို မကြာခဏလာလေ့ရှိပြီး ရွှေဆံတော်ပေါ်က အောင်မြေကိုလည်း လာနင်းတတ်တာတွေ အမြဲလုပ်လေ့ရှိပါတယ်။

မြန်မာနိုင်ငံတဝန်း လှည့်လည်  ယတြာချေနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇-၂၈ ရက်နေ့တွေတုန်းကလည်း ပြည်မြို့ကို လာမယ်လို့ စီစဥ်ထားပြီးနောက် ခါး‌ဝေဒနာ ပြင်းထန်စွာခံစားနေရတာကြောင့် အစီအစဥ်ပျက်သွားတယ်လို့ စစ်အုပ်စုနဲ့နီးစပ်တဲ့ အသိုက်အဝန်းဆီက သိရပါတယ်။

ပြည်မြို့မှာ အခုရက်ပိုင်း စစ်ဆေးမှုတွေ တင်ကျပ်စွာ ပြုလုပ်နေသလို ညဘက်တွေမှာလည်း မကြာခဏ သေနတ်သံတွေ ကြားနေရတာကြောင့် ပြည်သူတွေလည်း ထိတ်လန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013