DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်တွင် မိုင်းဆွဲခံရသဖြင့် စစ်ဆရာဝန်နှင့်တပ်ကြပ်တို့ သေဆုံး
DVB
·
March 22, 2022
ထီးချိုင့်တွင် မိုင်းဆွဲခံရသဖြင့် စစ်ဆရာဝန်နှင့်တပ်ကြပ်တို့ သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း၊ မောင်းကုန်းကျေးရွာနဲ့ နီကယ်စက်ရုံအကြားမှာ မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ် ၁ စီးကို မတ်လ ၂၁ ရက်နေ့ ည ၈ နာရီကျော်လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special.9-HPDF အဖွဲ့က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ယာဉ်ပေါ်မှ်ပါလာတဲ့ စစ်ဆရာဝန် ဆေးမှူး ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့ တပ်ကြပ် ၁ ဦးကတော့ မတ် ၂၂ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဆိုင်ကယ်တွေနဲ့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special.9-HPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"စစ်ဆရာဝန်ပါတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်လိုက်တာပေါ့နော်။ ဆရာဝန်ကတော့ ပွဲချင်းပြီးသေသွားတယ်၊ တပ်သားအတော်များများလည်း ထိတယ်။ နှစ်ဆင့်ခွဲလိုက်တာပေါ့၊ ပထမတဆင့်ကခွဲပြီးတော့ သူတို့ရဲ့ ဆရာဝန်ထိတဲ့ ကားကို တခေါက်လာတဲ့ ရဲ(-)၊ စစ်(-)တွေ၊ အဲ့ဒါကို နောက်တချက်ပြန်ပြီးတော့ အဝေးထိန်းခလုတ်နဲ့ ပြန်ခွဲလိုက်တာပေါ့။” 

ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့လည်း သိရပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့သလို အနီးအနားက အရပ်သား ပြည်သူတချို့ကိုလည်း စစ်ဆေးတာတွေရှိခဲ့ပြီး အရပ်သား ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နယ်ခံတွေက ပြောပါတယ်။

Special.9-HPDF ရဲ့ တပ်ဖွဲ့ဝင်က "မနေ့ညကတော့ သူတို့ အဲ့နားလေးက ရှိတဲ့ သူတွေ လိုက်ပြီး ဖမ်းတာတို့ဘာတို့ရှိတယ်။ အရပ်သားနှစ်ဦးကို ဖမ်းထားတယ်လို့တော့ကြားတယ်၊ ကျနော်တို့နဲ့ မသက်ဆိုင်တဲ့ လူတွေပေါ့နော်၊ အရပ်သားတွေပေါ့" လို့ ပြောပါတယ်။

မတ် ၁၆ ရက်နေ့  မနက် ၇ နာရီကျော်ကလည်း ထီးချိုင့်မြို့နယ် အရှေ့ခြမ်း၊ အင်ဒေါင်းရွာအနီးမှာ နှစ်ဖက်တိုက်ပွဲကြောင့် စစ်အုပ်စုဘက်ကအယောက် ၂၀ လောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၄ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မောင်းကုန်းကျေးရွာနဲ့ နီကယ်စက်ရုံအကြား မိုင်းဆွဲခံရတာကြောင့် ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013