Home
မြန်မာသတင်း
အားကောင်းသည့်မုန်တိုင်းငယ် ဟိုင်းကြီးကျွန်းမြို့အနီး စတင်ဝင်ရောက်
DVB
·
March 22, 2022

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းဟာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နားကနေ စတင်ဝင်ရောက်နေပြီလို့  စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲ  သတင်းထုတ်ပြန်ထားပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ကို အညိုရောင်အဆင့်သတ်မှတ်ထားပြီး နောက် ၂၄ နာရီအတွင်း  မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတလျှောက် ပုသိမ်မြို့အနီးမှ မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီး ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့မွန်းလွဲပိုင်းကစပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုကနဲ့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်၊ တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေလောက်ရှိနိုင်ပါသည်။

အားကောင်းသောမုန်တိုင်းငယ်ဟာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နားက ဖြတ်ကျော်ချိန် တိုင်းအတွင်း အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီလျှင် ၄၅ မိုင်မှ  ၅၀ အထိနဲ့ ရန်ကုန်တိုင်းမှာတော့ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီလျှင် ၃၅ မိုင်မှ ၄၀ အထိ  တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထာပါတယ်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၈ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မြစ်ငယ်၊ ချောင်းငယ်တွေနဲ့ တောင်ကျချောင်းတွေကနေ လျှပ်တစ်ပြက်ရေကြီးတာ၊ ကုန်းမြင့်တောင်တန်းဒေသတွေမှာ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024