DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံရန် အာဆီယံအထူးကိုယ်စားလှယ်ကို NUG တိုက်တွန်း
DVB
·
March 22, 2022
ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံရန် အာဆီယံအထူးကိုယ်စားလှယ်ကို NUG တိုက်တွန်း
1 / 2
Donate to DVB

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်းအနေနဲ့ လက်ရှိမြန်မာပြည်ခရီးစဉ်အတွင်းမှာ ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်တွေ၊ NUG၊ CRPH၊ NUCC  အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့   အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုလိုက်ပါတယ်။ 

မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ ၃ ရက်ကြာမယ့်  အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ပထမအကြိမ် မြန်မာခရီးစဥ်နဲ့ ပတ်သက်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၁ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ခရီးစဥ်ကို သတိထား စောင့်ကြည့်နေကြာင်း၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်တို့ရဲ့ တာဝန်ထမ်းဆောင်မှုကို ကြိုဆိုကြောင်း၊ အကြမ်းဖက်စစ်အုပ်စုကြောင့် ဖြစ်ပွားနေ‌တဲ့ မြန်မာ့အရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာပြည်သူတို့ကို တရားဝင်ကိုယ်စားပြုတဲ့ တစ်ခုတည်းသောအစိုးရဖြစ်တဲ့  အမျိုးသားညီညွတ်ရေးအစိုးရဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အထူးကိုယ်စားလှယ်အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်မှာ ဖော်ပြထားတဲ့အတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့လိုကြောင်း အဆိုပါအဖွဲ့အစည်းတွေထဲမှာ  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာကူညီအဖွဲ့များ မဖြစ်မနေ ပါဝင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိအချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး၊ ပြည်သူလူထုရဲ့ဆန္ဒနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့  သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့  အထူးပင်လိုအပ်တယ်လို့ ဆိုပါတယ်။

အာဆီယံအထူး ကိုယ်စားလှယ်အနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်စေရေး တွန်းအားပေးဖို့၊ ပြည်သူလူထုထံ လူသားချင်းစာနာမှုအကူအညီတွေကို NUG အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းရှိ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေမှတဆင့်သာ  ပေးပို့ဖို့နဲ့ ငြိမ်းချမ်းတဲ့ ရလဒ်တွေ ရှာဖွေရာမှာ ပြည်သူရဲ့ အကျိုးစီးပွားနဲ့ လိုလားတောင့်တချက်တွေကိုသာ အခြေခံဖို့လည်း တိုက်တွန်းထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့  အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်းဟာ  မတ်လ ၂၁ ရက်က နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာပြည်သူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရရှိစေရေး ဆောင်ရွက်မှုအခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်တာဟာ မြန်မာ ဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဖြစ်ရမှာဖြစ်ကြောင်း အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံသို့ ပထမအကြိမ် ခရီးစဉ်ကတဆင့် နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ကာ အာဆီယံမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်လိမ့်မယ်လို့ စစ်ကောင်စီ ဝန်ကြီးက ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လုပ်ဆောင်နေတယ်လို့  အာဏာသိမ်းစစ်ကောင်စီက ပြောနေပေမဲ့ ဒီသဘောတူညီချက် စတင်ချမှတ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလကစပြီး အခုအထိ အချိန် ၁ နှစ်နီးပါးကြာလာတဲ့အထိ ဘာတခုမှ အကောင်အထည်ပေါ်လာတာ မရှိသေးပါဘူး။ 

အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊  ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် စသူတွေနဲ့လည်း မနေ့က တွေ့ဆုံခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့လည်း ရှိနေပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့် မရသလို  အန်စီအေအပစ်ရပ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံခွင့် မရပါဘူး။ 

Photo Credit- MFAIC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013