DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု ကျူးလွန်ဟု ဝန်ကြီးဘလင်ကန် ပြော
DVB
·
March 22, 2022
မြန်မာစစ်တပ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု ကျူးလွန်ဟု ဝန်ကြီးဘလင်ကန် ပြော
Donate to DVB

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက  သတ်မှတ်ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာပြပွဲ ကျင်းပနေတဲ့ ဝါရှင်တန်ရှိ US Holocaust Memorial ပြတိုက်မှာ မတ်လ ၂၁ ရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မိန့်ခွန်းပြောရာမှာ ခုလိုကြေညာလိုက်တာပါ။

အခု သတ်မှတ်ထုတ်ပြန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေအတွက် အဓိကသတ်မှတ်တာဖြစ်ပေမဲ့ တခြား လူနည်းစုတိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုနဲ့ တခြား ကြမ်းကြုတ်ရက်စက်မှုတွေကို အသိအမှတ်ပြုဖို့လည်း အရေးကြီးတယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

“ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်တာထက်ကို ကျော်လွန်ပြီး မြန်မာအစိုးရက ၇ ကြိမ်တိုင်တိုင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အမေရိကန်က ကောက်ချက်ချပါတယ်။ ဒီနေ့ဟာ အဲဒီကျူးလွန်ခဲ့မှု (၈) နှစ်မြောက်နေ့ဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်အဖွဲ့ဝင်တွေက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ပါတယ်” လို့ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။
“ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျကို လုပ်ခဲ့တာပါ။ ဒါက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ဆုံးဖြတ်တဲ့အထိ ရောက်ရှိသွားတာမို့ အရေးကြီးပါတယ်။ အဲဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိတယ်ဆိုတာကို သက်သေ အထောက်အထားတွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ ရိုဟင်ဂျာအားလုံး သို့မဟုတ် တစိတ်တပိုင်းကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်တာပါ။ ဒါတွေကို မြန်မာစစ်တပ်အဖွဲ့ဝင်တွေက စစ်ဆင်ရေးနဲ့ လုပ်ခဲ့တာပါ။ ကွင်းထဲမှာ လူတွေကို ပစ်သတ်ခဲ့တယ်၊ ရွာတွေကို မီးရှို့၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်၊ သတ်ဖြတ်ခဲ့တယ်။ အဲဒီအော်ပရေးရှင်းမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ခွဲထွက်လာတဲ့ တပ်မတော် တပ်မှူးတယောက်က သူနဲ့ သူတပ်ဖွဲ့က အဲဒါတွေ အကောင်အထည်ဖော်ခဲ့တယ်လို့ ပြန်ပြောပြတာကို ကျနော် ကိုးကားပြောနေတာပါ” လို့ ဘလစ်ကန်က ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရာမှာ ခေါင်းဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ကို ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်ကိုယ်တိုင် တခြားသော လူနည်းစုတိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေအပေါ်မှာ  အကြမ်းဖက်နှိပ်စက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေ ဖြစ်သလို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံကနေ အာဏာကို သိမ်းယူခဲ့သူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုအခါ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ သူတို့  ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပျက်ပြားစေတယ်လို့ ယူဆတဲ့ ဘယ်သူ့ကိုမဆို  ပစ်မှတ်ထားလာနေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေ အစုအပြုံလိုက်သတ်ဖြတ်ခံခဲ့ရခြင်းနောက်ပိုင်း လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်ခဲ့တာ  ၇ ကြိမ် ရှိခဲ့ပြီး အခု ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကတော့ ၈ ကြိမ်မြောက်သတ်မှတ်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိတဲ့အကြောင်းနဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးလည်း ကျူးလွန်ခြင်းမရှိကြောင်း မြန်မာစစ်ခေါင်းဆောင်တွေက ငြင်းဆိုထားသလို ပြီးခဲ့တဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်ကလည်း  ငြင်းဆိုခဲ့ပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကလည်း  အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) မှာ တရားစွဲထားပါတယ်။

Holocaust Memorial ပြတိုက်မှာ အချက်အလက်ရင်းမြစ် အတော်များများ စုဆောင်းထားရှိဖို့အတွက် ဒေါ်လာ ၁ သန်းနီးပါး ကူညီပေးသွားမှာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် တရားစွဲထားတဲ့အမှုအတွက် အချက်အလက်တွေ ပေးသွားမယ်လို့လည်း ဘလစ်ကန်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013