DVB Logo
Home
မြန်မာသတင်း
ဟိုင်းကြီးကျွန်းမြို့အနီး မုန်တိုင်းဖြတ်ကျော်မည်၊ အနီရောင်အဆင့် သတ်မှတ်
DVB
·
March 22, 2022
ဟိုင်းကြီးကျွန်းမြို့အနီး မုန်တိုင်းဖြတ်ကျော်မည်၊ အနီရောင်အဆင့် သတ်မှတ်
Donate to DVB

အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ရဲ့ လက်ရှိအခြေအနေမှာ မုန်တိုင်းရဲ့ အဝန်းအဝိုင်းဟာ ဧရာဝတီတိုင်းကို ဟိုင်းကြီးကျွန်းမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်မယ့် အခြေအနေဖြစ်လို့  အနီရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက မတ်လ ၂၂ ရက် ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။ 

အားကောင်းသော မုန်တိုင်းငယ်ဟာ  မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းငယ် (Depression) အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားကာ၊ ဒီနေ့ နေ့လယ်ပိုင်း  ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဧရာဝတီတိုင်းအတွင်း အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိနဲ့ ရန်ကုန်တိုင်းအတွင်း အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ  တိုက်ခတ်နိုင်ပါတယ်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၈ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်လာနိုင်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ယနေ့နံနက်မှ မတ်လ ၂၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ  နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးနိုင်ပါတယ်။ 

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေ တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ  ၉ ပေမှ ၁၃ ပေခန့်ရှိနိုင်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်းနဲ့ အတူလေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မြစ်ငယ်၊ ချောင်းငယ်တွေနဲ့ တောင်ကျချောင်းတွေမှာ လျှပ်တပြက် ရေကြီးတာ၊ ကုန်းမြင့်တောင်တန်း ဒေသတွေမှာ မြေပြိုနိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြုဖို့ အသိပေးနှိုးဆော်ထားတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အားကောင်းသောမုန်တိုင်းငယ်အဆင့်နဲ့  မတ်လ  ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ဟိုင်းကြီးကျွန်းအနီး မှ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့အတွက် အထက်ပါဒေသများမှ ဒေသခံပြည်သူတွေ ဘေးလွတ်ရာသို့ စနစ်တကျ ရှောင်တိမ်းခိုလှုံကြဖို့ NUG အစိုးရကလည်း တိုက်တွန်းထားပါတယ်။ 

အထူးသဖြင့် ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါသည်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ  ဦးစားပေးပြောင်းရွှေ့ပေးသင့်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ဆက်စပ်ဒေသတွေမှာ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသက်လေပြင်းတိုက်နိုင်လို့ ခိုင်ခံ့မှုမရှိတဲ့ နေအိမ်တွေကနေ ခေတ္တတိမ်းရှောင်နေထိုင်ကြဖို့ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် သစ်ပင်၊ သစ်ကိုင်းကြီးတွေကျိုးကျ၊ ဓာတ်ကြိုးတွေ ပြတ်တောက်မယ့် အန္တရာယ်ကို သတိပြုရှောင်ရှားကြဖို့လည်း အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013