
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာကို သြဂုတ် ၄ ရက် ညနေ ၆ နာရီခွဲ ဝန်းကျင်မှာ စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆ လသားအရွယ် ကလေးအပါအဝင် အရပ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အရပ်သား ၃ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူတွေ ထဲက ၂ ယောက် ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၅ ယောက် ရှိပြီလို့ ဒေသခံတွေ က ပြောပါတယ်။
ဒေသခံတယောက်က “၆ လသားအရွယ် ကလေးလည်းပါတယ်။ အဒေါ်ဖြစ်သူ၊ ဦးလေး နှစ်ယောက် နဲ့ အဘိုးဖြစ်သူပါ သေဆုံးခဲ့တာပါ။ ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ၆ လသားအရွယ် ကလေးငယ်တယောက်၊ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတယောက်၊ အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက်အပါအဝင် ၅ ယောက် ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂ ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
သြဂုတ် ၃ ရက် နေ့လယ်ပိုင်းကလည်း ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပဲစိုက်ပျိုးနေတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဒီးမော့ဆို–ဖရူဆို–ဘောလခဲလမ်းမကြီးကို ဒီနှစ် ဖေဖော်ဝါရီလကတည်းက ထိန်းချုပ်ထားပြီးနောက် ဖရူဆိုမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေတဲ့ အရပ်သားတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထိခိုက် သေဆုံးမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။










