DVB Logo
Home
မြန်မာသတင်း
ဂျပန်ဝန်ကြီးချုပ်နှင့် အိန္ဒိယ၀န်ကြီးချုပ်တို့ မြန်မာ့အရေး စိုးရိမ်
DVB
·
March 21, 2022
ဂျပန်ဝန်ကြီးချုပ်နှင့် အိန္ဒိယ၀န်ကြီးချုပ်တို့ မြန်မာ့အရေး စိုးရိမ်
Donate to DVB

ဂျပန်ဝန်ကြီးချုပ် ခိရှိဒဖုမိအိုနဲ့ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီတို့ဟာ မြန်မာနိုင်ငံ အခြေအနေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်နဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့ဟာ မြန်မာနိုင်ငံအပေါ် သူတို့ရဲ့ ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့လည်း စနေနေ့က ပူးတွဲသတင်းထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွက် အဖြေရှာဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း သူတို့က ထပ်လောင်း အတည်ပြုလိုက်ပြီး ရှေ့မတိုးနောက်မဆုတ် အခြေအနေကို အဆုံးသတ်ဖို့ အာဆီယံဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံရဲ့ တက်ကြွစွာ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုခဲ့ပါတယ်။

အာဆီယံရဲ့ သဘောတူညီချက်ငါးရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံကို တောင်းဆိုခဲ့တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံက အရပ်ဘက် ကိုယ်စားလှယ်တွေနဲ့ စစ်အာဏာရှင်တို့ကြား လက်ရှိဖြစ်ပေါ်နေတဲ့ လိပ်ခဲတည်းလည်း နိုင်ငံရေးအခြေအနေကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။

အာဆီယံရဲ့ သဘောတူညီချက်ငါးရပ်ကို မနှစ်က အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ ချမှတ်ခဲ့တာဖြစ်ပြီး ဒီအထဲမှာ တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့အကြမ်းဖက်မှု အဆုံးသတ်ရေးတို့ကို အလေးပေးဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီးနောက် နိုင်ငံကို သိမ်းပိုက်ခဲ့တဲ့ မြန်မာစစ်အုပ်စုဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသူတွေကို ဖိနှိပ်ဖို့ နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့တာပါ။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်းနဲ့ အရပ်သားတွေကို ခွဲခြားမှုမရှိပဲ တိုက်ခိုက်ခြင်းတွေ အပါအဝင် စစ်အာဏာရှင်တွေရဲ့ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် အနည်းဆုံး လူ ၁၆၀၀ ထက်မနည်း သေဆုံးပြီး ၁၂,၀၀၀ ကျော် ထိန်းသိမ်းထားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကနေ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း  ၅ သိန်းကျော် ပြည်တွင်းမှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ထိုင်းနဲ့ အိန္ဒိယကို ဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013