
တောင်ကိုရီးယားစစ်တပ်က ကိုရီးယား နှစ်နိုင်ငံနယ်စပ်ရဲ့ အလယ်ဗဟိုမှာ မြောက်ကိုရီးယားစစ်သား တယောက်ကို ဖမ်းဆီးခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရ ပူးတွဲစစ်ဦးစီးချုပ်များဌာန (JCS) က ဇွန် ၂၄ ရက်မှာ ပြောပါတယ်။
“ကျနော်တို့ရဲ့ စစ်တပ်က မနေ့ညက အလယ်ဗဟို စစ်မျက်နှာမှာ မြောက်ကိုရီးယား စစ်သားတယောက်ကို ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက အသေးစိတ် အချက်အလက်တွေကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေပါတယ်” လို့ JCS ရဲ့ ပြည်သူ့ရေးရာဒါရိုက်တာ ဂျန်ဒိုယောင်းက ပြောပါတယ်။
စစ်သားဟာ တောင်ကိုရီးယားဆီ ဘက်ပြောင်းဖို့ ရည်ရွယ်ချက် ရှိနေတယ်လို့ သတင်းရင်းမြစ်တခုကို မကိုးကားဘဲ ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source: Reuters










