DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သား ၁၀၀၀ ကျော် စစ်မှုထမ်းခဲ့ကြောင်း စစ်ကောင်စီဝန်ခံ
DVB
·
March 19, 2022
ကလေးစစ်သား ၁၀၀၀ ကျော် စစ်မှုထမ်းခဲ့ကြောင်း  စစ်ကောင်စီဝန်ခံ
Donate to DVB

စစ်တပ်ထဲမှာ ကလေးစစ်သားပေါင်း ၁၀၀၀ ကျော် စစ်မှုထမ်းခဲ့တယ်လို့  စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဝန်ခံပြောကြားလိုက်တယ်။ 

မတ်လ ၁၈ ရက်က နေပြည်တော်မှာကျင်းပတဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ဆိုပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လမှ ယနေ့အချိန်အထိ တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့တဲ့ အသက်မပြည့် စစ်သည် ၁၀၂၉ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း၊ နောက်ထပ် အသက်မပြည့်သေးတဲ့ စစ်သည် ၂၈ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အရွယ်မရောက်သေးတဲ့  ကလေးသူငယ်တွေနဲ့ ဆန္ဒမပါသူတွေကို မှားယွင်း စုဆောင်းခဲ့တဲ့ တာဝန်ရှိသူအရာရှိ ၊ စစ်သည်တွေကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့  စစ်ကောင်စီ ဝန်ကြီးက ပြောပါတယ်။

စစ်ကောင်စီဝန်ကြီးက ကလေးစစ်သားတွေကို မှားယွင်းစုဆောင်းမိတာလို့ ပြောပေမဲ့ တကယ်တမ်း မြေပြင်အခြေအနေကတော့ တပ်ထဲကို ဝင်ရောက်လိုသူရှားပါးတဲ့အတွက် တပ်သားသစ်စုဆောင်းသူ တွေဟာ  အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားပြီး စုဆောင်းနေကြတာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (CTFMR) တို့အကြား “အရွယ်မရောက်သေးသူ ကလေးသူငယ်များ အား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်”ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်မှာ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ၂၀၁၉ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာရဲ့ နောက်ဆက်တွဲပါ ကလေးစစ်သည်စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းကနေ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက်နိုင်ရေး စောင့်ကြည့်ကာလတစ်နှစ် သတ်မှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ  မှာတော့ မြန်မာကို ကလေးစစ်သားအသုံးပြုနဲ့ နိုင်ငံစာရင်းမှာ ပြန်လည်စာရင်းသွင်းခဲ့ပါတယ်။ 

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013