DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ကို စွန့်ခွာဘက်ပြောင်းလာသည့် စစ်သားဟောင်းများကို ဩစတြေးလျက ဗီဇာထုတ်ပေး
DVB
·
March 18, 2022
စစ်ကောင်စီတပ်ကို စွန့်ခွာဘက်ပြောင်းလာသည့် စစ်သားဟောင်းများကို ဩစတြေးလျက ဗီဇာထုတ်ပေး
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးဘက်ပြောင်းလာတဲ့ စစ်သားဟောင်းတွေကို ခိုလှုံခွင့်ပေးဖို့ ဩစတြေးလျအစိုးရက အကာအကွယ်ပေးရေးဗီဇာတွေ စတင်ထုတ်ပေးနေပြီလို့ ဒီကနေ့ထုတ် ဩစတေးလျသတင်းစာ The Age မှာ ရေးသားဖော်ပြပါတယ်။

စစ်အာဏာရှင်ဆီကနေ ထွက်ပြေးလာခဲ့တဲ့  စစ်သား ၂၅၀၀ နဲ့ ရဲအရာရှိ ၆၀၀၀ လောက် ရှိကြောင်း မြန်မာနိုင်ငံတွင်းရှိ တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ 

စစ်အင်အား ၃ သိန်းလောက် ရှိတယ်လို့ ပြောနေကြတဲ့ မြန်မာစစ်တပ်ကနေ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကို ဖြတ်ကျော်ဝင်ရောက်ခိုလှုံလာတဲ့ စစ်သည် အရေအတွက်ကိုတော့ မသိရသေးပါဘူး။

သြစတြေးလျပြည်ထဲရေးဌာနကတော့ လူတစ်ဦးချင်း သို့မဟုတ် သီးခြားအုပ်စုတွေရဲ့ အခြေအနေတွေ သို့မဟုတ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြန်လည်နေရာချထားရေး အလားအလာတွေအပေါ် မှတ်ချက်ပေးမှာ မဟုတ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သြစတြေးလျ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကတော့ သူဟာ မြန်မာစစ်တပ်ကနေ ဘက်ပြောင်းလာသူတွေကို မကြာသေးခင်က ဩစတေးလျအစိုးရကနေ လက်ခံခဲ့တာကို သတိပြုမိကြောင်းနဲ့ အနောက်နိုင်ငံ အစိုးရတွေရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) လို့ခေါ်တဲ့ စစ်အာဏာရှင်အဖွဲ့ကို အားပျော့သွားအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ စစ်တပ်ကနေ ထွက်ပြေးလာသူတွေကို အကာအကွယ်ပေးဖို့အတွက် သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်အစိုးရတွေကို စဉ်းစားပေးဖို့ တောင်းဆိုထားကြောင်းလည်း ပြောပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး NUG နဲ့ ချိတ်ဆက်မှုရှိတဲ့ စစ်သားဟောင်းတွေရဲ့အဖွဲ့ဖြစ်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ဟာ ဘက်ပြောင်းလာသူတွေရဲ့ နောက်ခံသမိုင်းကြောင်းကို စစ်ဆေးရာမှာ ပါဝင်ပေးဖို့ အရေးကြီးကြောင်းလည်း ဆိုပါတယ်။

တသီးပုဂ္ဂလမြန်မာ့လေ့လာသုံးသပ်သူ ဒေးဗစ်မတ်သီဆန်ကတော့ “စစ်တပ်အပေါ် သက်ရောက်မှုကို တိုင်းတာရာမှာ ဘက်ပြောင်းသူတွေနဲ့ တပ်ပြေးတွေကြား ပိုင်းခြားထားနိုင်ဖို့က အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ဟာ စစ်အင်အား၊ အရွယ်အစား၊ အသေအပျောက်နဲ့ တပ်ပြေးတွေကို မသိရတဲ့ ကိန်းဂဏန်းတွေ အများကြီးနဲ့ ကစားနေတာဖြစ်ကြောင်းနဲ့ ဒါက ဘာကိုဆိုလိုတယ်ဆိုတာကို ဘယ်သူက အတိအကျ ခန့်မှန်းနိုင်မလဲ”လို့ပြောပါတယ်။

ဘက်ပြောင်းမှုဟာ ထင်ထင်ရှားရှား မပြသနိုင်ရင်  စစ်ကောင်စီ ပြိုလဲတော့မယ်လို့ ကြေညာဖို့ အချိန်မတန်သေးကြောင်းလည်း ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဩစတေးလျကို နိုင်ငံရေးအကျဉ်းသား ဘယ်လောက် ခေါ်ဆောင်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက မှတ်ချက်မပေးပေမယ့် အစိုးရကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ မြန်မာနိုင်ငံမှ လူပေါင်း ၅၁၃ ဦးကို ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဗီဇာတွေထုတ်ပေးခဲ့ပါတယ်။

သြစတြေးလျအစိုးရဟာ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို အကာအကွယ်ပေးရေးဗီဇာတွေ ကမ်းလှမ်းတာဟာ သတင်းကောင်း ဖြစ်ပြီး မြန်မာနိုင်ငံ တိုက်ပွဲတွေရဲ့ ဒုက္ခသည်တွေအတွက် နေရာတွေ ထပ်တိုးဖို့လိုအပ်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေတင်မကဘဲ တိုင်းရင်းသားပြည်တွင်းစစ်ရဲ့ သားကောင်တွေဟာ မြန်မာနိုင်ငံတဝန်း ဗုံးကြဲခံခဲ့ရတဲ့ အရပ်သားတွေပါပဲ လို့လည်း ပြောပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်မှုကို တုံ့ပြန်ပုံနဲ့ မတူဘဲ သြစတြေးလျအစိုးရဟာ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရာမှာ အမေရိကန်၊ ဗြိတိန် အပါအဝင် တခြားနိုင်ငံတွေနဲ့ ပူးပေါင်းခဲ့ခြင်း မရှိပါဘူး။

အခုလိုအရေးယူဖို့ တွန့်ဆုတ်နေတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးပုဂ္ဂိုလ် သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကို  စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက် ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရပြီး တစ်နှစ်ကျော်ကြာ ချုပ်နှောင်ခံထားရချိန်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ သြစတြေးလျသတင်းစာက ရေးသားထားပါတယ်။

REF- The Age

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013