DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် မီးပျက်သည့်အခြေအနေ အလွန်ဆိုးရွားနေဟု စင်ကာပူသတင်းစာ ရေးသား
DVB
·
March 18, 2022
မြန်မာပြည် မီးပျက်သည့်အခြေအနေ အလွန်ဆိုးရွားနေဟု စင်ကာပူသတင်းစာ ရေးသား
Donate to DVB

မြန်မာနိုင်ငံမှာ နွေရာသီဆိုရင် ရေအားလျှပ်စစ်စက်ရုံတွေကနေ ဓာတ်အားထုတ်ပေးမှု မလုံလောက်တာကြောင့် မီးပျက်တာ အဖြစ်များလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ မီးပျက်တဲ့အခြေအနေ တော်တော်ကို ဆိုးရွားနေတယ်လို့ စင်ကာပူသတင်းစာ The Straits Times မှာ ရေးသား ဖော်ပြထားပါတယ်။

ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့ ယူကရိန်းစစ်ပွဲတွေကြောင့် ပိုမိုဆိုးရွားလာတဲ့ စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်လာခြင်းဟာ လူပေါင်းများစွာအတွက် မီးစက်တွေ အသုံးပြုဖို့ လက်တွေ့မကျတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ ဒီဇယ်ဆီဈေးဟာ အကြမ်းဖျင်း သုံးဆလောက် တက်သွားတာ ဖြစ်ပါတယ်။

စစ်တပ်က ထိန်းချုပ်ထားတဲ့ လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနက ပြီးခဲ့တဲ့သီတင်းပတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေအောက်ပိုက်လိုင်း သွယ်တန်းတာကို မတ် ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ တပတ်လောက် ပြုလုပ်ခဲ့တာကြောင့် မီးပျက်မယ်လို့ သတိပေးခဲ့ပါတယ်။

ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရမှုနဲ့ LNG ဓာတ်အားပေးစက်ရုံတွေမှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရလောက်အောင် သဘာဝဓာတ်ငွေ့ရည် ဈေးနှုန်းကြီးမြင့်တာတွေကြောင့် လျှပ်စစ်မီး ပြတ်တောက်ရတယ်လို့လည်း အပြစ်တင်ထားပါတယ်။

အမှန်တကယ်တော့ The Straits Times က တွေ့ဆုံခဲ့တဲ့ မြို့ခံတွေ ပြောစကားအရ ရက်သတ္တပတ်အတွင်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ သူ့ရဲ့ ဓာတ်ငွေ့အများစုကို ပိုက်လိုင်းကနေတဆင့် တရုတ်နဲ့ ထိုင်းနိုင်ငံတွေဆီ တင်ပို့နေပြီး အဲဒီထောက်ပံ့မှုဟာ နိုင်ငံအတွက် အရေးပါတဲ့ နိုင်ငံခြားငွေရင်းမြစ်လည်း ဖြစ်ပါတယ်။

ပူပြင်းတဲ့နွေရာသီမှာ ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာတာကို ပြည့်မီဖို့ ဓာတ်အားပေးစက်ရုံတွေဟာ ပြည်ပကနေ တင်သွင်းလာတဲ့ သဘာဝဓာတ်ငွေ့အရည် (LNG) ကို ပြောင်းလဲ အသုံးပြုနေရပါတယ်။

ဒါပေမဲ့လည်း အာဏာသိမ်းမှုကြောင့် LNG တင်သွင်းဖို့ အလွန်ဈေးကြီးတဲ့ ငွေကြေး အကျပ်အတည်း ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုက စစ်အာဏာရှင်အုပ်စုကို ဆန့်ကျင် ဆန္ဒပြရာမှာ သူတို့ရဲ့မီတာခတွေကို ပေးဆောင်ဖို့ ငြင်းဆိုခဲ့တာကြောင့် လျှပ်စစ်ဝန်ကြီးဌာနဟာ ငွေကြေးဆိုင်ရာ မသေချာ မရေရာတဲ့ အနေအထားကို ရောက်သွားကြောင်းလည်း ဆိုပါတယ်။

LNG တင်သွင်းမှုကို အမေရိကန်ဒေါ်လာနဲ့ ပေးဖို့လိုအပ်ပြီး ထုတ်ပေးတဲ့ လျှပ်စစ်ဓာတ်အားခမှာလည်း ကျပ်ငွေတန်ဖိုး ကျဆင်းနေတဲ့အတွက် အာဏာပိုင်တွေဟာ စရိတ်ပိုသက်သာတဲ့ LNG တင်သွင်းမှုတွေကို မတတ်နိုင်ကြောင်း Rystad Energy ရဲ့ သုတေသနလေ့လာသူ Readul Islam က ပြောပါတယ်။

မြန်မာ့စွမ်းအင်ကဏ္ဍကို လေ့လာသုံးသပ်သူ မစ္စကေတီ ပက်တာဆန်ကတော့ လက်ရှိ အကျပ်အတည်း မတိုင်ခင်မှာ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုဟာ တဖြည်းဖြည်း တည်ငြိမ်မှု နည်းလာတယ်လို့ ပြောပါတယ်။

စွမ်းအင်ဝန်ကြီးဌာနဟာ မနှစ်က စွမ်းဆောင်ရည် တော်တော်များများကို ပြင်းပြင်းထန်ထန် လျှော့ချ လုပ်ဆောင်နေရပြီး မီတာခမဆောင်တဲ့ သပိတ်ကြောင့်လည်း ငွေသားစီးဆင်းမှု ထိခိုက်ခဲ့တာကြောင့် လျှပ်စစ်ဓာတ်အားလိုင်းကို စိတ်ချယုံကြည်စွာ လည်ပတ်နိုင်မှုနဲ့ ထိန်းသိမ်းနိုင်မှုတွေကို ထိခိုက်ခဲ့တာဖြစ်ကြောင်း သူက ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံတဲ့ နာမည်ကြီးကုမ္ပဏီတွေ ထွက်ခွာသွားကြသလို အခုအချိန် မြန်မာ့လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အန္တရာယ် အရမ်းများနေတယ်လို့ မစ္စပက်တာဆန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မတိုင်ခင်က စီစဉ်ဆောင်ရွက်ခဲ့တဲ့ ပရောဂျက်တွေနဲ့ ပတ်သက်ပြီး စကားပြောဆိုဖူးတဲ့ ကုမ္ပဏီအများစုဟာ စောင့်ဆိုင်းကြည့်ရှုတဲ့ အနေအထားမှာပဲ ရှိနေပြီး လက်ရှိ နိုင်ငံတွင်းမှာ အခြေအနေတွေ မတည်ငြိမ်ဘူးဆိုရင် ဒီအတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013