ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ် ဆောင်ကန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန် ကျဆုံးခဲ့တဲ့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ယောက်ရဲ့ ဈာပနပွဲကို မတ်လ ၁၇ ရက် နေ့လယ်က ပြုလုပ်ခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။
ဆောင်ကန်းရွာမှာ မတ် ၁၆ ရက်က စစ်ကောင်စီတပ်နဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို ခုခံရင်း ဖယ်ခုံ PDF က ရဲဘော်သိန်းထူးနဲ့ ရဲဘော်အောင်ကျော်တို့ လက်နက်ကြီးထိမှန် ကျဆုံးခဲ့တာပါ။
ကျဆုံးသွားတဲ့ ရဲဘော် ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ မွန်းလွဲ ၁ နာရီမှာ သင်္ဂြိုဟ်ခဲ့ပြီး ရဲဘော် ၂ ဦးရဲ့ တိုင်းပြည်အပေါ် ချစ်တဲ့စိတ်၊ စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုတွေကို ဦးညွှတ်လေးစားကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သူတို့ ၂ ဦးကို ဖယ်ခုံမြို့သူမြို့သားတွေတင်မကဘဲ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူတရပ်လုံးက အမြဲအမှတ်ရနေမှာဖြစ်ပြီး ကျန်ရှိတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကတိပြုထားပါတယ်။