
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား - ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဂျာမနီနဲ့ ပါရာဂွေးတို့ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မှာ ဒေသအချိန် ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပါရာဂွေးအသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်သွားပါတယ်။
၄ ကြိမ်တိုင်တိုင် ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ဂျာမနီအသင်းဟာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပင်နယ်တီအဆုံးအဖြတ်မှာ ၃ ဂိုးပဲသွင်းနိုင်ပြီး ပါရာဂွေးအသင်းက ၄ ဂိုးသွင်းနိုင်ခဲ့လို့ ဂျာမန်တို့ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲအစပိုင်း ပထမပိုင်း ပွဲချိန် ၄၂ မိနစ်မှာ ပါရာဂွေးအသင်းအတွက် ဦးဆောင်ဂိုးကို ဂျူလီယို အန်စီဆိုက အံ့အားသင့်ဖွယ် ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းမှာ ဂျာမနီအသင်းက ကစားကွက် ပြန်လည်ကောင်းမွန်လာခဲ့ပြီး လီဗာပူးကွင်းလယ်လူ ဖလော်ရီယန် ဝရစ်ဇ်ရဲ့ ဖြတ်တင်ဘောကတဆင့် ဟာဗက်ဇ်က ခေါင်းတိုက်ကာ ချေပဂိုး ပြန်လည်သွင်းယူခဲ့လို့ တဖက် တဂိုးစီသရေကျနေခဲ့ပါတယ်။
ဒါကြောင့် မိနစ် ၉၀ အပြီး အချိန်ပိုဆက်ကစားရာမှာ ဂျာမနီနောက်ခံလူ တာ့ခ်က ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့လို့ ဂျာမနီတို့ အနိုင်ရပြီလို့ ထင်မှတ်ခဲ့ပေမဲ့ VAR ပြန်ကြည့်ပြီးနောက် ဝေါ်ဒီမာ အန်တွန်က ပါရာဂွေးဂိုးသမားဂေလ်လဲကျသွားအောင် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်လို့ ဒိုင်က ဆုံးဖြတ်ခဲ့လို့ အဆိုပါ သွင်းဂိုးကို ပယ်ဖျက်ခံခဲ့ရပါတယ်။
အချိန်ပိုအထိ အနိုင်အရှုံးအဖြေမပေါ်တဲ့အတွက် ပင်နယ်တီအဆုံးအဖြတ်ကန်ကြတာမှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်နဲ့ နယူးကာဆယ်ကစားသမား နစ်ဝေါ်တီမိဒ် တို့ရဲ့ ပင်နယ်တီကန်ချက်တွေကို အရပ် ၆ ပေ ၆ လက်မရှိ ပါရာဂွေးဂိုးသမား အော်လန်ဒိုဂေလ်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ပါရာဂွေးအသင်းရဲ့ သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။
ပါရာဂွေးအသင်းဘက်ကလည်း အန်တိုနီယို ဆာနာဘရီယာရဲ့ကန်ချက် လွဲချော်ခဲ့ပြီး၊ ဖာဘီယန် ဘယ်လ်ဘူအာနာရဲ့ ကန်ချက်ကိုလည်း အသက် ၄၀ အရွယ် ဂျာမန်ဂိုးသမား မန်နျူရယ် နျူအာက ကာကွယ်ခဲ့ပါတယ်။
ဒါကြောင့် တသင်းကို ပင်နယ်တီ ၅ လုံးစီကန်အပြီးမှာလည်း ၃ ဂိုးစီ သရေဖြစ်နေလို့ ဆက်ကန်ရာမှာ ဂျာမနီနောက်ခံလူ ဂျိုနသန် တာ့ခ်ရဲ့ကန်ချက် ဘားတန်းပေါ် ကျော်တက်သွားခဲ့ပါတယ်။ ဒီနောက် ပါရာဂွေးနောက်ခံလူ ဟိုဆေး ကာနာလီက အဆုံးအဖြတ် ပင်နယ်တီကို တည်တည်ငြိမ်ငြိမ် သွင်းယူနိုင်ခဲ့လို့ ပါရာဂွေးအသင်းကို အောင်ပွဲခံပြီး နောက်တဆင့်ကိုတက်ရောက်သွားတာပါ။
ဒီနိုင်ပွဲကြောင့် ပါရာဂွေးအသင်းဟာ လာမဲ့ စနေနေ့ ဖီလာဒဲလ်ဖီးယားမှာ ကျင်းပမဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပြင်သစ် ဒါမှမဟုတ် ဆွီဒင်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဂျာမနီအသင်းကတော့ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ပင်နယ်တီအဆုံးအဖြတ် ၅ ကြိမ်မြောက်မှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ပြီး အိမ်ပြန်ရတော့မှာ ဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀ နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ပေမဲ့ နောက်ဆုံးချန်ပီယံဖြစ်ခဲ့တဲ့ အကြိမ်နောက်ပိုင်း ၃ ကြိမ်ဆက်တိုင်တိုင် ရလဒ်ဆိုးရွားခဲ့တာပါ။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ မက္ကဆီကိုနဲ့ တောင်ကိုရီးယားတို့ကို ရှုံးနိမ့်ကာ အုပ်စုနောက်ဆုံးဖြစ်ခဲ့သလို၊ ၂၀၂၂ ခုနှစ်မှာလည်း ဂျပန်ကို ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထပ်မံထွက်ခွာခဲ့ရပါတယ်။
အခုနှစ် ပြိုင်ပွဲမှာလည်း ဖီဖာကမ္ဘာ့အဆင့် ၄၁ ရှိ ဂျာမနီအသင်းက အဆင့် ၃၁ ဆင့်အောက် နိမ့်ကျနေတဲ့ ပါရာဂွေးအသင်းကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရတာဟာ ဂျာမနီအတွက် နောက်ထပ် ကမ္ဘာ့ဖလား အရှက်ရစရာ ဖြစ်ရပ်တခု ဖြစ်လာခဲ့ပါတယ်။
နည်းပြချုပ် ဂူစတာဗို အယ်လ်ဖာရိုရဲ့ ပါရာဂွေးအသင်းကတော့ အုပ်စုတွင်းပွဲစဉ်မှာ အမေရိကန်ကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အုပ်စု (D) မှာ တတိယနေရာနဲ့ ၃၂ သင်းအဆင့်ကို တက်လှမ်းလာခဲ့ပြီး အခုရှုံးထွက်ပွဲစဉ်မှာ အင်အားကြီး ဂျာမနီအသင်းကို ပြိုင်ပွဲကနေ ထွက်သွားအောင် စွမ်းဆောင်နိုင်ခဲ့ ပါတယ်။
Source: SkySports/ BBC











