DVB Logo
Home
မြန်မာသတင်း
၁ ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးနှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်က ၆ ဦး ကျဆုံး
DVB
·
March 17, 2022
၁ ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးနှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်က ၆ ဦး ကျဆုံး
1 / 3
Donate to DVB

ပြီးခဲ့တဲ့ မတ် ၉ ရက်ကနေ ၁၆ ရက်အတွင်း ကရင်နီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အာဇာနည် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးဗြဲ-ဒီးမော့ဆိုလမ်းပေါ်က ပူးဖာကျေးရွာ၊ ကုန်းသာနဲ့ ဒေါငံခါး ရပ်ကွက်တွေကနေ  လွိုင်ကော်-တောင်ငူလမ်းမကြီးတလျှောက် နောင်ပုလဲကျေးရွာတွေဘက် ထိုးစစ်ဆင်နေတာလို့ KNDF က ထုတ်ပြန်ထားပါတယ်။

မတ် ၉ ရက်က ပူးဖာကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်က အထိနာတာကြောင့် ပူဖားကျေးရွာနဲ့ သေးဆူလဲကျေးရွာအတွင်းက နေအိမ် ၁ဝ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

မတ် ၉ ရက်၊ ၁၁ ရက်နဲ့ ၁၄ ရက်တွေမှာ လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာနဲ့ ထီတရိကျေးရွာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ကြပြီး ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က ၇ ယောက် သေဆုံးခဲ့တာပါ။

မတ် ၁၀ ရက်မနက်အစောပိုင်းမှာတော့ မိုးဗြဲမြို့၊ ဝါရီဆူးဖလိုင်ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က မော်တော်ယာဥ် ၁ စီး ပျက်စီးခဲ့ပါတယ်။

အဲဒီနေ့မနက်ပိုင်းမှာပဲ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ၊ ကုန်းသာကျေးရွာတွေအတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံတွေနဲ့ ဘိုးဘွားရိပ် သာ ကျောင်းဆောင်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ် ၁၁ ရက်မနက်အစောပိုင်းက ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာ အနီးတဝိုက်မှာ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထပ်မံပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

မတ် ၁၂ ရက်မှာတော့ ဖရူဆိုမြို့နယ်၊ မာခရော့‌ရှေး ကျေးရွာနားက စစ်ကောင်စီတပ် ခြေကုပ်စခန်းတခုကို KA နဲ့ KNDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က  ၂ ယောက် သေဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မတ် ၁၃ ရက်ကနေ ၁၆ ရက်အတွင်း ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးမှ ခေါက်ပလော့နဲ့ အုခူးရီရပ်ကွက်အထိ စစ်ကောင်စီတပ်ဘက်က အတွဲလိုက်ပစ်ဒုံးတွေနဲ့ တရစပ်ပစ်ခတ်ပြီး စစ်ကြောင်းတွေနဲ့ ရပ်ကွက်တွင်းရှိ နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

မတ် ၁၆ ရက်မှာတော့ ရှမ်း-ကယားနယ်စပ်၊ လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာတွေနဲ့ ပီကင်းကောခူကျေးရွာတွေမှာ  မိုးဗြဲဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KNDF နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပြီး မနက် ၃ နာရီကနေ ညနေ ၆ နာရီအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

KA၊ KNDF နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေအတွင်း ၆ ယောက် ကျဆုံးခဲ့ရပြီး ကျဆုံး အာဇာနည်သူရဲကောင်းတွေကို အစဥ်အမြဲအလေးပြုနေမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ဖွဲ့စည်းထားပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးကာ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013