DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အင်အားအလွန်အကျွံသုံး ထိုးစစ်ဆင်နေသဖြင့် ကန်ပက်လက် CDF တပ်မဟာဌာနချုပ်ကို ယာယီလက်လွှတ်ခဲ့ရ
DVB
·
March 17, 2022
စစ်တပ်က အင်အားအလွန်အကျွံသုံး ထိုးစစ်ဆင်နေသဖြင့် ကန်ပက်လက် CDF တပ်မဟာဌာနချုပ်ကို ယာယီလက်လွှတ်ခဲ့ရ
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး ကန်ပက်လက် CDF တပ်မဟာဌာနချုပ်ကို ယာယီလက်လွှတ်လိုက်ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေမှာ စစ်ကောင်စီက အင်အားအလွန်အကျွံ အသုံးပြု ထိုးစစ်ဆင်နေပြီး ကန်ပက်လက် CDF ဘက်က ကျည်မလုံလောက်တာ၊ လက်နက်အင်အား မမျှတာ၊ ကျေးရွာအတွင်းက ပြည်သူတွေ ထိခိုက်ဒဏ်ရာရမယ့်အရေးကို ရှေးရှုခဲ့ရတာကြောင့် တပ်မဟာဌာနချုပ်ကို ယာယီ စွန့်လွှတ်လိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်နဲ့ ကန်ပက်လက် CDF တပ်မဟာဌာနချုပ် ရှိရာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျောမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့ပြီး ကန်ပက်လက် CDF ရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မတ် ၁၃ ရက်နေ့ကလည်း ငုံလောင်းရွာမြောက်ဘက် အမ်ပုံရွာ အထက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကန်ပက်လက် CDF၊ မင်းတပ် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နဲ့ Saw- PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မတ် ၁၄ ရက်နေ့မှာလည်း ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သလို မတ်လ ၁၅ ရက်နေ့ကလည်း စမ္မသားရွာဟောင်းမှာ CDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား တနေကုန်နီးပါးလောက် အတွင်း တိုက်ပွဲပြင်းထန်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၁ ဦး ကျဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးကိုတော့ မသိရသေးဘူးလို့ ကန်ပက်လက် CDF က ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းနဲ့ ကျောက်ထု အမြောက်တပ်တို့က လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း၊ စမ္မသားရွာဟောင်းက လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဌာနချုပ်ကိုတော့ ယာယီလက်လွှတ်လိုက်ရတယ်၊ ဘုရားအတူရှိပါစေ၊ ဒို့ချင်းပြည်နယ် အမြန်ဆုံးအနိုင်ရပါစေ၊ CDF၊ PDF တွေလည်း ဘေးကင်းပါစေ ဆုတောင်းတယ်” လို့ ချင်းအမျိုးသမီးတဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ လက်နက်အင်အား၊ ကျည်အင်အား ဖြည့်တင်းနိုင်ဖို့ ပြည်တွင်း၊ ပြည်ပ ပြည်သူတွေအနေနဲ့ အထူးအာရုံစိုက် ကူညီထောက်ပံ့ပေးကြဖို့ ကန်ပက်လက် CDF က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013