DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် စစ်တပ်က ပြည်သူကိုပစ်မှတ်ထားပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံးစစ်ပွဲ ဆင်နွှဲနေ (ရုပ်သံ)
DVB
·
March 16, 2022
မြန်မာတွင် စစ်တပ်က ပြည်သူကိုပစ်မှတ်ထားပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံးစစ်ပွဲ ဆင်နွှဲနေ (ရုပ်သံ)
Donate to DVB

အာဏာသိမ်းမြန်မာစစ်တပ်ဟာ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေမှာ အရပ်သား ပြည်သူတွေကို  ပစ်မှတ်ထားတိုက်ခိုက်နေပြီး  ဒုတိယကမ္ဘာစစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ အဆိုးရွားအပြင်းထန်ဆုံးလို့ ယူဆရတဲ့ တိုက်ပွဲတွေဆင်နွှဲနေတယ်လို့ Free Burma Rangers အဖွဲ့ကပြောပါတယ်။

မြန်မာပြည်က စစ်ပွဲဇုန်အတွင်း ၃ လနီးပါးကြာ နေထိုင်ခဲ့တဲ့  Free Burma Rangers  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ဒါရိုက်တာ David Eubank က AP သတင်းဌာနကို ပြောကြားခဲ့တာပါ။ 

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းဒေသတွေကို စစ်ကောက်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပြီး သူနဲ့ သူ့ရဲ့ စေတနာ့ဝန်ထမ်းတွေ တိုက်ပွဲဖြစ်တဲ့နေရာမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ဆေးဝါးနဲ့ ရိက္ခာအကူအညီတွေ ယူလာခဲ့ပေးခဲ့ကြောင်း စစ်ကောင်စီရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေဟာ အမြောက်တွေနဲ့ သိမ်းကျုံးပစ်ခတ်နေတာကြောင့် ထောင်ပေါင်းများစွာသော ဒေသခံ ပြည်သူတွေဟာ သူတို့အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့  ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ အရပ်သားအများအပြား သေဆုံးစေခဲ့တဲ့ ကယား (ကရင်နီ) ပြည်နယ်အတွင်း မြန်မာစစ်လေယာဉ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့တဲ့ ရှားရှားပါးပါး ပုံရိပ်တွေ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ နှစ်အနည်းငယ်ကြာအောင် တိုက်ပွဲတွေ ပြင်းထန်ပေမယ့် ကြိုးကြားကြိုးကြား တိုက်ပွဲတွေ ဖြစ်ကြောင်းနဲ့ မြန်မာပြည်မှာ အရင်က မတွေ့ဖူးသေးတဲ့ တိုက်ပွဲတွေကို ကရင်နီဒေသမှာ တွေ့လိုက်ရကြောင်း  David Eubank က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်မှာ သူတို့လုပ်ခဲ့သလို တနေ့ကို တကြိမ်၊ နှစ်ကြိမ်လောက် လေကြောင်းတိုက်ခိုက်မှုမျိုး မဟုတ်ဘဲ MiG တိုက်လေယာဉ်တွေ တခုပြီးတခု ထွက်လာတာမျိုး၊ ဒီ Yak fighter (အင်ဂျင်တလုံးတပ် တယောက်စီး တိုက်လေယာဉ်) တွေကလည်း တစီးပြီး နောက်တစီး လာပစ်ကြတာလို့ Eubank က ဆိုပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ ရုရှားတိုက်လေယာဉ်တွေနဲ့ နောက်ထပ် ရာနဲ့ချီတဲ့ ၁၂၀ မီလီမီတာ မော်တာကျည်တွေကို သယ်ပြီး လာပစ်တာလို့ ပြောပါတယ်။

Free Burma Rangers အဖွဲ့ရဲ့ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ကရင်နီ အခြေချနေထိုင်ရာ နေရာတွေကို စစ်တပ်ရဲ့ထိုးစစ်ဆင်မှုကြောင့် ထိခိုက်မှုအခြေအနေတွေကို  ပြသထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကလည်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ အရွယ်အစားကြီးမားတဲ့  ဗုံးကြီး ၂ လုံးကို ကြဲချခဲ့လို့ တလုံးပေါက်ကွဲပြီး  ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနဲ့ ဒေသခံတွေ ကြုံတွေ့ခဲ့ကြရပါတယ်။

နယူးယောက်ခ်အခြေစိုက် Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ လေ့လာသုံးသပ်သူတဦးက အဲဒီ တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၄ ရက်ထုတ် မြန်မာ့အလင်းနေ့စဉ် သတင်းစာမှာတော့ စစ်တပ်ဟာ ကယားပြည်နယ် မြို့တော် လွိုင်ကော်အနီးမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အမြောက်တွေ ပြင်းထန်စွာ ပစ်ခတ်ခဲ့ကြောင်းကို ဝန်ခံလိုက်ပြီး အကြမ်းဖက်အဖွဲ့လို့ ခေါ်တဲ့ အုပ်စုတွေကို ရှင်းလင်းဖို့လို့ အကြောင်းပြ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013