DVB Logo
Home
မြန်မာသတင်း
MOU အလုပ်သမားများအတွက် ကိုဗစ်ကာကွယ်ဆေးထိုးခနှင့် ကွာရန်တင်းစရိတ်ကို အလုပ်ရှင်က ကျခံရမည်
DVB
·
March 16, 2022
MOU အလုပ်သမားများအတွက် ကိုဗစ်ကာကွယ်ဆေးထိုးခနှင့် ကွာရန်တင်းစရိတ်ကို အလုပ်ရှင်က ကျခံရမည်
Donate to DVB

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ မြန်မာအလုပ်သမားတွေ တရားဝင်စေလွှတ်ရာမှာ ထိုင်းဘက်မှာ ကိုဗစ်-၁၉ ရောဂါ ၂ ကြိမ် ဆေးစစ်ခနဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေး မထိုးရသေးသူတွေအတွက် ဆေးထိုးနှံခ အပါအဝင် ကွာရန်တင်း ကုန်ကျစရိတ်တွေကို အလုပ်ရှင်က ကျခံရမယ်လို့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အလုပ်သမားတွေဘက်က ကျခံရမယ့် ကုန်ကျစရိတ်နဲ့ စပ်လျဉ်းပြီး ထိုင်းနိုင်ငံရဲ့ လူမှုဖူလုံရေး ဥပဒေနဲ့ အကျုံးဝင်တဲ့ အလုပ်သမားတွေဟာ ကျန်းမာရေးအာမခံ ၄ လစာ အပါအဝင် ၅,၃၉၀ ဘတ်၊ ထိုင်းနိုင်ငံရဲ့ လူမှုဖူလုံရေး ဥပဒေနဲ့ အကျုံးဝင်ခြင်းမရှိတဲ့ (အိမ်တွင်းအထောက်အကူပြုလုပ်ငန်း၊ ရာသီ သီးနှံလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ရေလုပ်သား၊ ကုန်တင်/ကုန်ချ လုပ်ငန်း၊ ဆားချက်လုပ်ငန်း) အလုပ်သမားတွေဟာ ကျန်းမာရေးအာမခံ ၂ နှစ်စာ အပါအဝင် ၇,၆၀၀ ဘတ် ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်ရှင်ကုန်ကျမယ့် ကုန်ကျစရိတ်တွေကို အလုပ်သမားထံမှ ဖြတ်တောက်မှု မရှိစေရေး အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်မှာ နောက်ဆက်တွဲအဖြစ် ထည့်သွင်းချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားတဲ့အပေါ် MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ တရားဝင်စေလွှတ်ပေးနေတဲ့ (MOEAF) အသင်းဝင် အေဂျင်စီပိုင်ရှင်တဦးက “ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိတဲ့ ကလေးတွေရဲ့ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ သတ်မှတ်ထားတဲ့ နှုန်းထားတွေကတော့ ဒါက ပေးရမှာပေါ့နော်။ ဒါပေမဲ့ အဲ့ဒီအပေါ်မှာ အေဂျင်စီတွေဘက်က ပိုပြီးကောက်ခံမှု ရှိ မရှိ ဆိုတာက အလုပ်သမားတွေ အပေါ်မှာလည်း မူတည်တယ်နော်။ ဘာလို့လဲဆို အလုပ်သမားတွေက ကျေနပ်ပြီး မတိုင်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ တခုရှိတာက ဒီနေရာမှာ အဲ့လိုဖြစ်လာတာက ကြားခံ demand ရောင်းစားတဲ့ ပွဲစားတွေကြောင့်ပေါ့နော်။ ပြီးတော့ အေဂျင်စီတွေကလည်း တိုက်ရိုက် အလုပ်ရှင်နဲ့ တွေ့ရင်တော့ အပိုကောက်ခံရတာမျိုး မရှိပါဘူး။ ဒါကြောင့် (ကြားခံ) တဆင့်ခံ အေဂျင်စီက ယူမယ်ဆိုရင်တော့ သူတို့ တောင်းသလို ပေးရလို့ အလုပ်သမားက မကျေနပ်လို့ တိုင်တဲ့အခါ ပြဿနာဖြစ်လာခဲ့ရင် အေဂျင်စီတွေ အနေနဲ့ကတော့ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အရေးယူခံရမှာပေါ့နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့ အကြားမှာ MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ မြန်မာအလုပ်သမား စေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကစပြီး တရားဝင် စေလွှတ်ပေးခဲ့တာ ကိုဗစ်ကပ်ရောဂါ မတိုင်မီ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ အထိပါ။
ဒါပေမဲ့ မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ်စခန်းအား ပိတ်လိုက်ပြီးနောက် နှစ်နိုင်ငံအကြားမှာ တရားဝင် အလုပ်သမားစေလွှတ်မှု မရှိတော့တာ ယနေ့အချိန်အထိ ဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရ အေဂျင်စီတွေ အနေနဲ့ အလုပ်သမားတွေထံကနေ ကောက်ခံရမယ့် ဝန်ဆောင်ခ စရိတ်နှုန်းထားကို ကျပ် ၃ သိန်းထက် ပိုမိုကောက်ခံခြင်းမပြုဖို့ သတိပေးထားပါတယ်။
ပိုမိုကောက်ခံပါက တိုင်ကြားနိုင်တယ်လို့လည်း ဆက်သွယ်ရန် ဖုန်းနံပတ်တွေနဲ့တကွ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013