DVB Logo
Home
မြန်မာသတင်း
MoU ကြောင့် အခွန်တင်းကျပ်မည်ကို မြန်မာလုပ်သားများ စိုးရိမ်၊ CI ဖျက်ရန် တောင်းဆို
ဇွဲသစ်
·
August 11, 2026
Photo: Reuters
Photo: Reuters
Donate to DVB

မြန်မာစစ်အာဏရှင်အစိုးရနဲ့  ထိုင်းအစိုးရတို့ကြား အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး သဘောတူ လက်မှတ် ရေးထိုးခဲ့တဲ့ MoU စနစ်တွေကြောင့် အလုပ်သမားတွေအတွက် အခွန်ကိစ္စ ပိုတင်းကျပ်လာမှာကို မြန်မာလုပ်သားတွေ စိုးရိမ်နေကြပြီး CI စနစ်ကိုလည်း ဖျက်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။ 

စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာဝီရကွန်တို့ဟာ ဩဂုတ် ၆ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ပြီး အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နားလည်မှုစာချွန်လွှာ MoU ၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အလုပ်သမားရေးရာ MoU အသစ်အရ စိုက်ပျိုးရေး မဟုတ်တဲ့ လုပ်ငန်းတွေမှာ အလုပ်စာချုပ်ကို ၂ နှစ်အထိ ချုပ်ဆိုနိုင်မှာဖြစ်ပြီး ထိုင်းမှာ သက်တမ်းကုန်ဆုံးတော့မဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင် ပြန်လည်မှတ်ပုံတင်နိုင်ရေး ထိုင်းအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က ပြောထားပါတယ်။

ဒါပေမဲ့ စစ်အုပ်စုရဲ့ MoU စနစ်နဲ့ အလုပ်သမား စေလွှတ်မဲ့အရေးဟာ မြန်မာလုပ်သားတွေဆီက နိုင်ငံခြားဝင်ငွေ အခွန်ရရှိဖို့ ကြိုးပမ်းမှုသက်သက်သာဖြစ်ပြီး အလုပ်သမား အကာအကွယ်ပေးရေး ကိစ္စတွေမှာ ကူညီပေးတာ မရှိဘူးလို့ ထိုင်းရောက် အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူ ဦးရဲမင်းက “လက်ရှိ ပြန်ပြီးတော့ အသက်သွင်းတဲ့ MoU စနစ်မှာ အကျိုးအမြတ်ရသွားမှာ စစ်အုပ်စုကပဲ အကျိုးအမြတ် ရသွားလိမ့်မယ်။ နောက်ကြောင်းပြန်ပြီးတောင် အခွန်ကောက်နေတဲ့ ကောင်တွေလေ။ အခွန်တောင်မှ သံရုံးကို ရောက်လာမှ အခွန် စကောက်တာ မဟုတ်ဘဲနဲ့ နောက်ကြောင်းပြန်ပြီးတော့မှ အခွန်ကောက်ပြီး ထိုင်းရောက် လုပ်သားတွေ ပြည်ပရောက် လုပ်သားတွေဆီက ကူညီမှုတွေကျတော့ ထိထိရောက်ရောက် ဘာမှ လုပ်မပေးဘဲနဲ့ လုပ်သားတွေ ဘဝကနေ ဘယ်လို ပိုက်ဆံရမလဲ၊ သူတို့ စစ်တပ် ပြည်သူတွေကို ပြန်သတ်ဖြတ်ဖို့အတွက် ဘယ်လို ဘဏ္ဍာငွေ ရှာမလဲပဲ တွေးနေတာလေ။ အဲတော့ အခု လက်ရှိ အကြမ်းဖက် စစ်အုပ်စု မင်းအောင်လှိုင် လုပ်တဲ့ MOU စနစ်ကလည်း သူတို့ စစ်တပ် ကောင်းစားရေးအတွက်ပဲလို့ပဲ မြင်တယ်။ လုပ်သားတွေအတွက်ကတော့ ဘာမှ ကောင်းဖို့ရှိလာမှာ မဟုတ်ဘူး။ အလုပ်သမားတွေအတွက်လည်း ဘာမှ အကာအကွယ်ရမှာမဟုတ်ဘူး။ ခေတ်ဆက်ဆက် ဒါက မြန်မာသံရုံး အနေနဲ့ ထိုင်းရောက် လုပ်သားတွေပေါ်ကို ထားရှိလာတဲ့ မူဝါဒပဲ”လို့ ပြောပါတယ်။

လက်ရှိမှာလည်း ထိုင်းရောက် မြန်မာလုပ်သားတွေဟာ CI စာအုပ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာနဲ့ အခြားစာရွက်စာတမ်းလုပ်ငန်းတွေမှာ အခွန်နဲ့ အခကြေးငွေတွေ ပေးဆောင်နေရပြီး ကြားခံပွဲစားတွေကို အသုံးပြုရတာကြောင့် အပိုကုန်ကျစရိတ်နဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒီအခြေအနေမှာ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက ထိုင်းနိုင်ငံမှာ ရှိပြီးသား အလုပ်သမားတွေကို စာရွက်စာတမ်း အခက်အခဲမရှိဘဲ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိစေဖို့ တောင်းဆိုနေကြပါတယ်။

ဩဂုတ် ၆ ရက်ကလည်း ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ Bright Future အဖွဲ့က ဦးဆောင်ပြီး မြန်မာ စစ်တပ်နဲ့ ထိုင်းအစိုးရတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူတွေက ထိုင်းအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ CI စနစ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Bright Future အဖွဲ့ဦးဆောင်သူ ကိုဆူရတ်ဂီရိက“ ဒါက ကျနော်တို့ ဒီ ထိုင်းအစိုးရက မလုပ်သင့်တဲ့အရာ ဟုတ်တယ်၊ မခေါ်သင့်တဲ့အရာ ဟုတ်တယ်၊ မလုပ်သင့်တာကို သူက လုပ်လိုက်တယ်ဗျာ။ ကျနော်တို့အနေနဲ့ ထိုင်းအစိုးရကို ဒီလို လုပ်ရပ်ကို လုံးဝရှုတ်ချတယ်၊ လုံးဝ အဆင်မပြေဘူး။ အခွန်ကိစ္စက ကျနော်တို့ တိုက်ပွဲဝင်နေတယ်ဗျ၊ CI ကိစ္စ အခွန်ကိစ္စနဲ့ ကျနော်တို့ တိုက်ပွဲဝင်နေတယ်၊ အဲဒါကို ထိုင်းအစိုးရက နှစ်ဖက်ကို ကြည့်ပေးတယ်၊ မင်းအောင်လှိုင် ဘက်လည်း ကြည့်တယ်၊ ကျနော်တို့ဘက်လည်း ကြည့်တယ်၊ နောက် အခုဟာ ကျနော်တို့က CI လုပ်စရာ မလိုဘူး၊ ကိုယ်တို့ တောင်းဆိုတဲ့ အရာက နှစ်သုတ် ရထားတယ်၊ နှစ်သုတ်မှာ ၂ နှစ်ကျော်နေပြီ။ ဆက်ပြီးမှ ကျနော်တို့က တိုက်ပွဲဝင်မယ်၊ ဒီ CI အကုန်လုံး ဖျောက်ဖို့အတွက်”လို့ ပြောပါတယ်။

Bright Future အဖွဲ့က ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းဖို့၊ CI စနစ်ကို ဖျက်သိမ်းပြီး မြန်မာသံရုံးရဲ့ အတည်ပြုချက်မလိုဘဲ အလုပ်ပါမစ် ဒါမှမဟုတ် ပန်းရောင်ကတ် တမျိုးတည်းနဲ့ အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

ထိုင်းအစိုးရဘက်ကတော့ မြန်မာအလုပ်သမား ၄ သန်းဝန်းကျင်ရဲ့ မှတ်ပုံတင်ခြင်းနဲ့ နိုင်ငံသား စိစစ်ခြင်းဆိုင်ရာ ကိစ္စတွေကို မြန်မာဘက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013