
အီဘိုလာရောဂါ ကူးစက်ခံရတဲ့ အမေရိကန်တွေအတွက် ကွာရန်တင်း ရောဂါခြေချုပ်ဌာနကို ကင်ညာနိုင်ငံမှာထားမဲ့ အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဇွန် ၉ ရက်မှာ လူရာပေါင်းများစွာက ဆန္ဒပြနေချိန်မှာ ကင်ညာရဲတပ်ဖွဲ့က ဆန္ဒပြသူတယောက်ကို ပစ်သတ်ခဲ့ တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဆန္ဒပြပွဲခေါင်းဆောင်တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အမျိုးသားတယောက် ဦးခေါင်းမှာ သေနတ်ဒဏ်ရာရပြီး သေဆုံးခဲ့တယ်လို့ အခင်းဖြစ်တဲ့ နေရာမှာ ရှိတဲ့ မျက်မြင်သက်သေတွေ အမြောက်အမြားက ပြောပါတယ်။
နိုင်ငံအလယ်ပိုင်းက နန်ယူကီမြို့မှာ ကာကွယ်ရေးဌာနကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စီစဉ်ရာမှာ ကူညီပေးခဲ့တဲ့ ပက်ထရစ် ဝါဟုမ်းကလည်း အတည်ပြုပါတယ်။
ပစ်ခတ်မှုကို ကိုယ်တိုင်မမြင်ခဲ့ရပေမဲ့ ရဲကားနောက်ဘက်မှာ ခေါင်းမှာ ဒဏ်ရာကြီးတခုရှိတဲ့ အလောင်းတခု မလှုပ်မယှက် လဲလျောင်းနေတာကို ရိုက်တာသတင်းထောက် ၂ ယောက်က မြင်ခဲ့တာပါ။
ဖြစ်ရပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် မရှိဘူးလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောခဲ့ပါတယ်။
နန်ယူကီမြို့နားက လိုင်ကီပီးယား လေတပ်စခန်းမှာထားဖို့ အဆိုပြုထားတဲ့ ခုတင် ၅၀ ပါ ရောဂါခြေချုပ်ဌာနထားမဲ့ အစီအစဉ်ကို ကင်ညာနိုင်ငံသား အမြောက်အမြားက ဒေါသထွက်ခဲ့တာပါ။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းနဲ့ ယူဂန်ဒါတို့မှာ အီဘိုလာရောဂါ ဖြစ်ပွားမှုကို ထိတွေ့ခဲ့ရသူတွေကို ပြုစုစောင့်ရှောက်ရာမှာ အမေရိကန်က အန္တရာယ်ကို လျော့အောင် လုပ်တယ်လို့ သူတို့က စွပ်စွဲကြပါတယ်။
ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ကူးစက်ခံ အတည်ပြုလူနာ ၅၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၀ ကျော် ရှိနေပါပြီ။
ကင်ညာနဲ့ အမေရိကန် အာဏာပိုင်တွေက အစီအစဉ်အပေါ် သူတို့ရဲ့ ကတိကဝတ်ကို လူသိရှင်ကြား ပြန်အတည်ပြုလိုက်လို့ ပိုစိတ်ပျက်လာတဲ့ နန်ယူကီမြို့မှာ ပြီးခဲ့တဲ့အပတ်က ဆန္ဒပြပွဲတွေအတွင်း လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
အင်္ဂါနေ့မှာ ရဲတွေက မြို့ရဲ့ နေရာအမျိုးမျိုးမှာ စုဝေးနေတဲ့ ဆန္ဒပြသူ ရာပေါင်းများစွာကို လူစုခွဲဖို့ မနက်စောစောမှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
တချို့က ကင်ညာအလံတွေကို ဝှေ့ယမ်းခဲ့ကြပြီး တယောက်က အီဘိုလာကို ငြင်းပယ်ပါ ဆိုတဲ့ စာကို အနီရောင်နဲ့ ရေးထားတဲ့ အဖြူရောင် လက်ဝါးကပ်တိုင်ကို ကိုင်ဆောင်ခဲ့ပါတယ်။
ဆန္ဒပြသူ ၁၀ ယောက်ကျော်ကိုလည်း ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းထောက်တွေက ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ သံတမန် သတင်းရင်းမြစ်တွေနဲ့ လေယာဉ်ခြေရာခံဒေတာတွေအရ တရားရုံးက အမိန့်တွေ ထုတ်ပြီးတဲ့နောက် အမေရိကန် စစ်လေယာဉ်တွေက ဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာတွေကို ဆက်သယ်နေပြီး အခုအပတ်အတွင်း လေယာဉ်အများအပြား ဆင်းသက်ဖို့ မျှော်လင့်ထားကြပါတယ်။
အမေရိကန်နိုင်ငံသား အများအပြားဟာ ကွန်ဂိုအရှေ့ပိုင်းနဲ့ ယူဂန်ဒါတို့မှာ အီဘိုလာရောဂါနဲ့ ထိတွေ့ခဲ့ကြတာပါ။
ရောဂါပိုးတွေ့ရှိသူတယောက် အပါအဝင် ၆ ယောက်ကို ပြီးခဲ့တဲ့လက ဂျာမနီနိုင်ငံက ဆေးရုံတခုဆီ ပြောင်းရွှေ့ခဲ့ပြီး နောက်တယောက်ကို ချက်သမ္မတနိုင်ငံဆီ ပို့ဆောင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က အီဘိုလာရောဂါ ကူးစက်ခံတွေကို အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့်မပြုနိုင်သလို ခွင့်မပြုတော့ဘူးလို့လည်း ပြောခဲ့ပါတယ်။
Source: Reuters











