DVB Logo
Home
မြန်မာသတင်း
ပါကစ္စတန်နှင့် စစ်ကောင်စီ စီးပွားရေး-နည်းပညာအပါအဝင် MOU လက်မှတ်ထိုး 
DVB
·
January 27, 2026
ပါကစ္စတန်နှင့် စစ်ကောင်စီ စီးပွားရေး-နည်းပညာအပါအဝင် MOU လက်မှတ်ထိုး 
Donate to DVB

ပါကစ္စတန်နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ နည်းပညာအပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြတ​ယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်နိုင်ငံကို  ၄ ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေချိန်မှာ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အီရှတ်ဒါးရ်နဲ့ တွေ့ဆုံခဲ့ပြီး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တာပါ။

အဲဒီထဲမှာ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနဲ့ ယဉ်ကျေးမှုကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေး၊ ကုလသမဂ္ဂ၊ အာဆီယံ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ၊ အာဆီယံ ဒေသဆိုင်ရာဖိုရမ် (ARF) တို့ အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနေတွအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ တည်ထောင်ခြင်းဆိုင်ရာ အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အီရှတ်ဒါးရ်က သတင်းစာရှင်းလင်းပွဲမှာ မြန်မာဝန်ကြီးနဲ့ ဆွေးနွေးမှုတွေက အလွန်အကျိုးရှိပြီး ဘက်စုံလွှမ်းခြုံမှုရှိကြောင်း ပြောကြားခဲ့သလို ပါကစ္စတန်အနေနဲ့ ငြိမ်းချမ်း၊ တည်ငြိမ်ပြီး သာယာဝပြောသော မြန်မာနိုင်ငံ ဖြစ်လာစေဖို့ ပံ့ပိုးကူညီသွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို ထောက်ခံတဲ့ မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း “ကျနော်တို့ (မြန်မာနိုင်ငံ)ဟာ ကမ္ဘာ့အကြီးဆုံးဈေးကွက်ရဲ့ ဗဟိုချက်မှာ ရှိနေပါတယ်။ ဒါကြောင့် ပါကစ္စတန် ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လေ့လာပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍများတွင်လည်း ဆက်ဆံရေးတိုးမြှင့်လိုကြောင်းနဲ့ ကုန်သွယ်ရေးမြှင့်တင်ဖို့အတွက် MoU တွေ ထပ်မံလက်မှတ်ရေးထိုးဖို့ မြန်မာဘက်က ဆန္ဒရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အခုလအစောပိုင်းတုန်းကလည်း အီရှတ်ဒါးရ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းဆက်သွယ် စကားပြောခဲ့သလို ပြီးခဲ့တဲ့ သောကြာနေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး တာရစ်ကာရင်ဟာ အစ္စလာမ္မာဘတ် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ကြတာပါ။

မြန်မာနိုင်ငံအနေနဲ့ ပါကစ္စတန်ကို နောက်ဆုံးအကြိမ် အဆင့်မြင့်ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက လာရောက်ခဲ့ဖူးပြီး အဲဒီတုန်းက ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013