Home
မြန်မာသတင်း
မတူပီနှင့် မင်းတပ်ဒေသကို စစ်ကောင်စီတပ်က တကျော့ပြန် ထိုးစစ်ဆင်
DVB
·
March 16, 2022

ချင်းပြည်နယ်၊ မတူပီ CDF တပ်ရင်း ၃ နယ်မြေကို စစ်ကောင်စီတပ်က GPS စနစ်နဲ့ ဒရုန်းယာဉ်တွေနဲ့ ၅ ရက်ကြာ ထိုးစစ်ဆင်နေသလို မင်းတပ်မြို့နယ် ကျေးရွာတွေဘက်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ် တကျော့ပြန် ထိုးစစ်ဆင်နေတယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မတ်လ ၁၂ ရက်မှ ၁၆ ရက်အထိ စစ်ကောင်စီက ချင်းပြည်နယ်၊ မတူပီ CDF တပ်ရင်း ၃ နယ်မြေကို စစ်ကြောင်း ၃ ခု အင်အား ၁၅၀ ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
မတူပီ CDF တပ်ရင်း ၃ နယ်မြေ ခွာဟုန်းကျေးရွာ လအုပ်ချောင်းအနီးမှာ မတ်လ ၁၂ ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ မတူပီ CDF တာဝန်ရှိသူတယောက်က ပြောပါတယ်။
မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၁ ယောက်သေဆုံးခဲ့ပြီး မတူပီ CDF ဘက်က ရဲဘော်တယောက် ကျဆုံးခဲ့ပါတယ်။ ၁၄ ရက်မှ ဒီကနေ့ ၁၆ ရက်နေ့အထိ တိုက်ပွဲတွေမှာတော့ နှစ်ဖက် အကျအဆုံးစာရင်းကို အတည်မပြုနိုင်သေးပါဘူး။
မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကလည်း "ချင်းပြည်နယ်၊ မင်းတပ်မြို့မှာလည်း စစ်ကောင်စီက ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်တာ၊ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်တာတွေ ပြုလုပ်ထားတာကြောင့် ဒေသခံပြည်သူတွေဟာ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲနေပါတယ်။ မင်းတပ်မြို့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ လှည့်ပတ်ပစ်ခတ်တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးတာ၊ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်။" လို့ ပြောပါတယ်။
စစ်ကောင်စီက မင်းတပ်မြို့မှာ မေလကတည်းက အကြမ်းဖက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ အားလုံးနီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ထန်တလန်မြို့တွေမှာ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့သလို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီ လမ်းပိုင်းမှာလည်း အကြမ်းဖက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။
ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ တိုက်ပွဲတွေ နည်းသွားပေမယ့် အခု မတ်လမှာတော့ စစ်ကောင်စီတပ်က ဗျူဟာအသစ်နဲ့ အကြမ်းဖက်ပြီး နယ်မြေထိန်းချုပ်ဖို့ ပြန်ကြိုးစားလာတာပါ။
ဒေသခံ CDF ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီ လမ်းကြောင်းတွေကို ကြားဖြတ် တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဟာ သူတို့မျှော်မှန်းခဲ့သလို နယ်မြေမထိန်းချုပ်နိုင် ဖြစ်နေပါတယ်။
ချင်းပြည်နယ်မြို့နယ် ၉ ခုမှာ တီးတိန်မြို့နယ်ကလွဲပြီး ကျန် ၈ မြို့နယ်စလုံးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေပါတယ်။ ချင်းပြည်နယ် လူဦးရေ ၅ သိန်းကျော်ဟာ တိုက်ပွဲတွေကြောင့် စားဝတ်နေရေးအတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024