DVB Logo
Home
မြန်မာသတင်း
အယ်လ်နီညိုရာသီဥတုကာလ အလှည့်ကျမီးပေးစနစ်ကြောင့် မြန်မာလူထု ပိုခက်ခဲလာနိုင် 
သီရိ
·
October 6, 2026
Photo: DVB
Photo: DVB
Donate to DVB

လျှပ်စစ်မီးမမှန်တဲ့ မြန်မာနိုင်ငံမှာ အယ်လ်နီညိုကာလအတွင်း ရာသီဥတုပိုမိုပူပြင်းလာနိုင်ချိန်မှာ  လျှပ်စစ်မီး အလှည့်ကျစနစ်နဲ့ပေးမှာ ဖြစ်တဲ့အတွက် ပိုခက်ခဲလာနိုင်တယ်လို့ ပြည်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၅ ရက်ကစလို့ အလှည့်ကျစနစ်နဲ့သာ လျှပ်စစ်မီးပေးတော့မယ်လို့ စစ်အာဏာရှင်အစိုးရ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြင်းထန် အယ်လ်နီညို ရာသီဥတုဖြစ်စဉ် သက်ရောက်မှုကြောင့် အပူချိန်မြင့်မားပြီး ဓာတ်အားလိုအပ်ချက် မြင့်မားလာတဲ့အချိန်မှာ ဓာတ်အားထုတ်လုပ်မှုနဲ့ သုံးစွဲမှု အချိုးညီမျှမှု မရှိပါက ဓာတ်အားစနစ်အတွင်းက ဓာတ်အားထုတ်စက်တွေ ရုတ်တရက် ရပ်တန့်တာ၊ မဟာဓာတ်အားလိုင်းတွေ အပြစ်ဖြစ်ပေါ်ပြီး တနိုင်ငံလုံး ဓာတ်အားစနစ်ပြတ်တောက်တာ (System Breakdown) စတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် ဓာတ်အားသုံးစွဲသူ မိဘပြည်သူတွေကို အလှည့်ကျစနစ်နဲ့ ဝန်အားထိန်းညှိပြီး ဓာတ်အားဖြန့်ဖြူးမဲ့ အစီအစဉ်ကို စတင်ကျင့်သုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ် နွေရာသီမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ ရေလှောင်တမံတွေမှာ ရေခန်းခြောက်မှု ပိုမိုနိုင်တယ်လို့ မျှော်မှန်းပြီး လာမဲ့ ၂၀၂၇ ခုနှစ် မိုးရာသီကာလအထိ တမံတွေရဲ့ ရေသိုလှောင်ထားမှု ပမာဏကို ထိန်းညှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသွားဖို့ စီမံထားတယ်လို့လည်း လျှပ်စစ်ဝန်ကြီးဌာနက ဆိုပါတယ်။

ဒါပေမဲ့ လျှပ်စစ်ဓာတ်အားကို အလှည့်ကျပေးမယ်လို့ မကြေညာခင်ကတည်းက မြို့အတော်များများမှာ တနေ့ကို လျှပ်စစ်မီးက ၆ နာရီဝန်းကျင်ပဲ ရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက မြို့တချို့မှာတော့ လျှပ်စစ်မီး အချိန်မှန်မရသလို ရက်ရှည်မီးပျက်တဲ့ အချိန်တွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့မှာတော့ နေ့စဉ်မီးပျက်တဲ့အချိန် များပေမဲ့ မီတာခ ၃၀,၀၀၀၊ ၄၀,၀၀၀ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။

အပူချိန်မြင့်မားလာတဲ့ကာလမှာ လျှပ်စစ်မီးပျက်တဲ့အချိန် ပိုများလာရင် အဆင်မပြေနိုင်ဘူးလို့ မုံရွာမြို့ခံတယောက်က ပြောပါတယ်။

“မီတာခတွေက အစ်မတို့က ၃ သောင်းကျော် ၄ သောင်း အဲ့လောက်ပဲကျတာ။ မနက်ခင်းတော့ ၉ နာရီလောက်ဆို လာပြီ၊ ၉ နာရီလောက် လာပြီးရင် ၁၂ ကျော်လောက်ကျ တခါပြတ်၊ ရာသီဥတုက ပူတာဆို မိုးမရွာခင် ရက်ကဆို ပူလိုက်တာ၊ မလွယ်ဘူး ယပ်တောင်ကို မလွတ်ရဘူး။ အိမ်ထဲလည်း မအိပ်နိုင်ပါဘူး၊ မီးပျက်တဲ့ အချိန်ကျရင် ပူလို့၊ ဟိုတလောကလည်း ဘာပြင်တယ်ဆိုလား ၂ ရက်တော့ ပျက်သွားသေးတယ်။”

လျှပ်စစ်မီး အချိန်မီ မရရှိတဲ့အတွက် လျှပ်စစ်အသုံးပြုပြီး လုပ်ရတဲ့ အသေးစား လုပ်ငန်းတချို့လည်း ရပ်ဆိုင်းသွားတဲ့အတွက် ကုန်ဈေးနှုန်းတွေလည်း ကြီးမြင့်လာတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ လျှပ်စစ်မီးကို မြို့နယ်၊ ရပ်ကွက်အလိုက် အုပ်စုခွဲပြီး ၅ နာရီ အလှည့်ကျမီးပေးဖို့ ကြေညာထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လျှပ်စစ်မီးက အစကတည်းက မမှန်တဲ့အတွက် ရန်ကုန်မြို့ခံတွေမှာ နေ့စဉ် ထမင်းချက်ဖို့ အတွက်တောင် ခက်ခဲနေပြီး လာမဲ့ အယ်လ်နီညိုကာလ အပူချိန်ပြင်းမဲ့ အချိန်မှာ မီးပိုဖြတ်ဖို့ စစ်အာဏာရှင်အစိုးရက ထုတ်ပြန်လိုက်တဲ့အပေါ်မှာတော့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။

“မီးလာတဲ့အချိန်ကို စောင့်နေတာ၊ မီအောင် တည်ရတာပေါ့ ထမင်းကို၊ မနက်ကတောင် ၅ နာရီ မထိုးခင်ကို ထမင်းလေးချက်မယ် ဟန်ပြင်တော့ မီးကပျက်ရော။ ပူတာလည်း ပြောမနေနဲ့၊ နေက အိမ်ရှေ့ကို မျက်နှာလေး မထွက်လိုက်နဲ့ ပူလိုက်တာ။ လေကလည်းမတိုက်၊ တနေကုန် နောက်ဖေးပြေးနေလိုက်ပေါ့။ အိမ်ရှေ့တော့ နေလို့ကိုမရဘူး။ မိုးရွာပြန်တော့လည်း မိုးကြီးကအုံ့ပြီး လူက ချွေးစေးတွေ ပြန်နေတာ။ ညနေကတော့ မိုးက တော်တော်ရွာလိုက်တာ၊ ရေတွေလည်း ဒလဟောနဲ့၊ ပြီးတော့ ပြန်ပူတယ်၊ ပြီးတော့ မီးကပျက်တယ်၊ အခုတော့ ပြန်လာနေပါပြီ။”

စစ်အာဏာရှင်အစိုးရက လာမဲ့ နွေရာသီအမီ ဆိုလာစီမံကိန်းအသစ်တွေ၊  ရေအားလျှပ်စစ် စီမံကိန်းအသစ်တွေ အပါအဝင် ဓာတ်အားထပ်မံထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေသလို ဖျက်ဆီးခံထားရတဲ့ ဓာတ်အားပေးစနစ်တွေ ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စူပါအယ်လ်နီညိုအရှိန်ကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၆ စက်တင်ဘာလကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ၆ လအတွင်း လူပေါင်း ၁,၀၀၀ ကျော်အထိ သေဆုံးနိုင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသား ပြုစုထားတဲ့ Climate Impact Lab (CIL) က ခန့်မှန်းတွက်ချက်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013