DVB Logo
Home
မြန်မာသတင်း
မြန်မာ A Bank နှင့် ထိုင်း K Bank တို့ ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက်ပေးချေ ဆောင်ရွက်ခွင့်ရရှိ
DVB
·
March 15, 2022
မြန်မာ A Bank နှင့် ထိုင်း K Bank တို့ ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက်ပေးချေ ဆောင်ရွက်ခွင့်ရရှိ
1 / 3
Donate to DVB

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ  ကျပ်ငွေနဲ့ ဘတ်ငွေ  တိုက်ရိုက်အသုံးပြုနိုင်ဖို့ ထိုင်းအခြေစိုက် Kasikorn Bank နဲ့ မြန်မာ A Bank  (ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်)တို့ကို ထိုင်း-မြန်မာ ဗဟိုဘဏ်တွေက Designated Bank အဖြစ် ရွေးချယ်ထားတယ်လို့ ဘဏ်နဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်ရေးမှာ ထိုင်းနိုင်ငံသုံး ဘတ်ငွေနဲ့ မြန်မာကျပ်ငွေတို့အကြား တိုက်ရိုက်အသုံးပြုပေးချေနိုင်တယ်လို့  မတ်လ ၃ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က  တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်မှုကို တိုးမြှင့်နိုင်ဖို့နဲ့ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေဖို့၊ နှစ်နိုင်ငံ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချေမွေ့စေဖို့၊  ASEAN Financial Integration ရဲ့ ရည်ရွယ်ချက်နဲ့အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုကို တိုးမြှင့်ဖို့ ရည်ရွယ်ကာ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်မှာ ဘတ်ငွေနဲ့ ကျပ်ငွေအကြားမှာ တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်တာလို့လည်း ဗဟိုဘဏ်က ဆိုပါတယ်။

ဒါကြောင့် ဘတ်ငွေနဲ့ ကျပ်ငွေ အကြား တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရတဲ့ ဘဏ်(Designated bank) တွေဟာ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မယ့် သွင်းကုန်တင်သွင်းသူတွေနဲ့ ပို့ကုန်တင်ပို့သူတွေရဲ့ ဘဏ်စာရင်းတွေ ဖွင့်လှစ်ခွင့် ရရှိမှာဖြစ်ပါတယ်။ 

ဒီအပေါ်မှာ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တဦးက “ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်တယ်ဆိုတော့ ဒါက ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။ အခုဆိုရင် တရုတ်ယွမ်ငွေကိုလည်း ခွင့်ပြုထားတဲ့အပြင် ထိုင်းဘတ်ငွေအတွက်လည်း ခွင့်ပြုထားတယ်ဆိုတော့ ကောင်းပါတယ်။ ပြီးတော့ အစောပိုင်းက ကျနော်တို့ကြားသိရတာက အစိုးရဘဏ် တခုတည်းကိုသာ ခွင့်ပြုတယ်လို့ သိရတာနော်။ အခုတော့ ပုဂ္ဂလိကဘဏ်ကိုလည်း ခွင့်ပြုပေးမယ်ဆိုတော့ ဘာပဲပြောပြောလေ။ ဒါက ပိုပြီးတော့ လုပ်ရကိုင်ရတာ အဆင်ပြေတာပေါ့ဗျာ။ ထိုင်းနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေးက ပုံမှန်ရှိနေပါတယ်။ တရုတ်ကသာ ပိတ်လိုက်၊ဖွင့်လိုက်ဖြစ်တာနော်။ ထိုင်းကတော့ ပိတ်လိုက်၊ ဖွင့်လိုက်မရှိပါဘူး။ လက်ရှိမှာဆိုရင်လဲ ကျနော်တို့ဘက်က ပြောင်းသီးနှံတို့ ဘာတို့ပေါ့နော်။ နယ်စပ်ကတဆင့် ထိုင်းဆီ ပို့နေတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကုန်သွယ်မှုရေးရာကျွမ်းကျင်သူတဦးကလည်း “နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရဝင်ငွေ(Earning)ကို ဒေါ်လာနဲ့ ပြဖို့ဆိုတဲ့ ကိစ္စတွေက ရှိတယ်လေ။ ဒါပေမဲ့ နယ်စပ် ကုန်သွယ်ရေးဆိုတာကလည်း ကြိုက်ရောင်း၊ကြိုက်ဝယ် ဆန်တာပေါ့နော်။ ဆိုတော့ နှစ်နိုင်ငံနယ်စပ်မှာ ငွေကြေးအဆင် ပြေအောင်လုပ်ဖို့က သက်ဆိုင်ရာငွေကြေးတွေနဲ့ သုံးစွဲတာ ပိုအဆင်ပြေတာပေါ့။ တကယ်တမ်းက ဒေါ်လာနဲ့ ကုန်သွယ်တဲ့ သူကလည်း တော်တော်နည်းပါတယ်။ တော်တော်လေးကို နည်းတဲ့ အနေအထားမှာ ပို့ကုန်ရဝင်ငွေကို ပြန်ဝင်အောင်လုပ်တဲ့အခါ ဒေါ်လာနဲ့ အဝင်ပြရတာမျိုးအတွက် အဲ့မှာ သွားပြီးတော့ အခက်အခဲ ဖြစ်စေနိုင်တယ်လေ။ ပြီးတော့ ကျနော်မြင်တာက ဒီလိုလုပ်ခြင်းအားဖြင့် လွယ်ကူမြန်ဆန်စေမယ်လို့ ထင်တယ်။ ဘာလို့လဲဆို ငွေပေးချေမှု ကိစ္စတွေအပြင် ပို့ကုန်ရဝင်ငွေ ရှင်းလင်းရတဲ့ အခြေအနေမှာလည်း ပိုပြီးတော့ လွယ်ကူ စေတာပေါ့ဗျာ။ နောက်တချက်က ဒေါ်လာ အပေါ် မှီခိုရမှု အားနည်းစေမယ်” လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုလို ဘတ်ငွေနဲ့ ကျပ်ငွေအကြား တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရတဲ့   မြန်မာ A Bank  (ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်) ဟာ ထိုင်း-မြန်မာ နယ်စပ် ကုန်သည်တွေနဲ့ ပြည်သူတွေအကြားမှာ အသုံးများတဲ့ ဘဏ်တော့မဟုတ်ပါဘူး။ 

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုက အခုဘဏ္ဍာနှစ်ဖြစ်တဲ့ (၁-၁၀-၂၀၂၁ မှ ၄-၃-၂၀၂၂ အထိ) ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၅၉ ဒသမ ၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇၃၂ သန်း ရှိတာကြောင့် ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၉၁ ဒသမ ၃ သန်း ရှိပါတယ်။

ယမန်နှစ်ကာလတူဖြစ်တဲ့ (၁-၁၀-၂၀၂၀ မှ ၄-၃-၂၀၂၁ အထိ) ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၅၂ ဒသမ ၇ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၄ သန်း ရှိခဲ့ပြီး ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၇၁ ဒသမ ၂ သန်း ရှိခဲ့ပါတယ်။

ဒါကြောင့် ကာလတူ ကုန်သွယ်မှုပမာဏအား နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၅ သန်း တိုးလာခဲ့သလို သွင်းကုန်တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၂၁၃ ဒသမ ၅ သန်း တိုးလာတာကြောင့် ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂၀ တိုးလာတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013