ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မတ်လ ၁၅ ရက် ဒီနေ့မနက် အစောပိုင်း ၅ နာရီလောက်က ဗုံးနှစ်လုံးပေါက်ကွဲပြီးနောက် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
"မနက်စောစော ၅ နာရီလောက်မှာ ဗုံးနှစ်ကြိမ် ပေါက်တယ်။ အသံက အကျယ်ကြီးပဲ အိမ်ကနေ ကြားရတယ်။ ဗုံးပေါက်သံကြားပြီး သိပ်မကြာဘူး၊ ရပ်ကွက်ရုံးမီးလောင်သွားတယ်။ သိပ်မကြာခင်မှာ မီးသတ်ကားတွေလာပြီး မီးငြှိမ်းသွားတယ်။ ဘေးပြည်သူအိမ်တအိမ်လည်း နည်းနည်း မီးဟပ်သွားတယ်လို့" ရပ်ကွက်နေပြည်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပေါက်ကွဲမီးလောင်မှုကြောင့် အဆိုပါရုံးရဲ့ ခေါင်မိုးနဲ့ အပြင်ဘက်မှာ ပျက်စီးမှုရှိခဲ့ပြီး လူတွေထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။
လယ်ကုန်းရပ်ကွက်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း စစ်ကောင်စီဘက်က ရမ်းပစ်ခတ်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။