
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ရေးပဋိပက္ခနဲ့ စစ်ရှောင်ဘဝ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု အပါအဝင် သေဆုံးရတဲ့ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၉ ယောက် အထိ ရှိလာပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းက သီးလုံးကျေးရွာက အသက် ၆၀ ကျော်အရွယ် စစ်ရှောင် အမျိုးသားတယောက် လယ်တောထဲမှာ ငါးမြုံးထောင်သွားရင်း သစ်ပင်ပေါ်မှာ ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့ပါတယ်။
ဒါ့အပြင် စစ်ရှောင်ရင်း နာမကျန်းဖြစ်လို့ သေဆုံးသူ တယောက်၊ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဗုံးစထိမှန် သေဆုံးသူ ၆ ယောက်နဲ့ မိုင်းမတော်တဆမှုကြောင့် သေဆုံးသူ တယောက်တို့ ရှိခဲ့တာပါ။
ဒါကြောင့် စက်တင်ဘာ ၂၆ ရက်ကနေ အောက်တိုဘာ ၂၆ ရက်အတွင်း စစ်ရေးပဋိပက္ခနဲ့ နောက်ဆက်တွဲ အခြေအနေတွေကြောင့် တလအတွင်း သေဆုံးသူ ၉ ယောက်အထိ ရှိခဲ့ပြီး အဲဒီထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာ အများဆုံးဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
သီးလုံးကျေးရွာက အဆုံးစီရင်သွားသူဟာ စစ်ရှောင်နေရတာ ၄ နှစ်ကျော်ပြီဖြစ်လို့ စိတ်ညစ်စရာ တွေများပြီး အရင်က နေထိုင်ရတဲ့ အခြေအနေနဲ့ မတူဘဲ ဖားရှာငါးရှာ ဘဝနဲ့ အဆင်မပြေတာ ကြောင့် အခုလို ပြုလုပ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါ့အပြင် ဒီလအတွင်း သေဆုံးသူ အများစုဟာ ချီပါရွာက ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်တွေဟာ ရွှေဘိုမြို့အဝင် အနောက်ပေါက်အနီးက အိုးဖိုရွာ၊ ကင်းဗျားရွာနဲ့ ချီပါမျိုးသန့်စိုက်ခြံတို့မှာ တလကျော်ကြာ တပ်ဖြန့်နေရာယူ တပ်စွဲထားပါတယ်။
အဲဒီလို တပ်စွဲထားပြီး ရွှေဘို အနောက်တောင်ခြမ်း ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုကာ နေ့စဉ်ရက်ဆက် ပစ်ခတ်နေတာကြောင့် ကျေးရွာ ၆ ရွာက ပြည်သူထောင်နဲ့ချီပြီး နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ တွေကို အရေးတကြီး လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီကနေ သိရ ပါတယ်။











