ကားတွေကို QR၊ ဘားကုတ်နဲ့ဖတ်ပြီး စက်သုံးဆီရောင်းပေးတဲ့စနစ်ကြောင့် မှောင်ခိုဆီဈေးကွက် ကြီးထွားလာသလို အပြင်ပေါက်ဈေးလည်း အဆမတန် မြင့်လာတယ်လို့ ကားလောကအသိုက်အဝန်းဆီက သိရပါတယ်။
စစ်ကောင်စီက စက်သုံးဆီချွေတာဖို့ဆိုပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ တောင်ကြီးတို့မှာ ကား၊ ဆိုင်ကယ်တွေရဲ့ ဝှီးတက်မှာပါတဲ့ QR၊ ဘားကုတ်ကို Software နဲ့ တိုက်ဆိုင်စစ်ဆေးကာ တရက် တကြိမ်ပဲ ဆီဖြည့်ဖို့ မတ် ၁၂ ရက်က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီစနစ်ကြောင့် လိုင်စင်မဲ့ကားတွေ ဆီဆိုင်မှာ ဆီဖြည့်လို့မရတော့ဘဲ မှောင်ခိုစျေးကွက်ကနေ ဝယ်ဖြည့်ရတဲ့ အခြေအနေရောက်ခဲ့ကာ အပြင်ဆီစျေးနူန်းလည်း မြင့်တက်လာတဲ့အတွက် အခက်တွေ့နေရတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
“ဝစ်သောက်ကားတွေ တော်တော်ထိတာ။ မှောင်ခိုဆီစျေးက အတက်ပဲရှိနေတော့ တချို့ကားတွေ ဒီအတိုင်းကို ရပ်ထားရတာတွေ ဖြစ်တယ်။”
အဲဒီလို ကားတွေကို တရက် တကြိမ်ပဲ ဆီဖြည့်ခွင့်ပေးတာအပြင် အိမ်စီးကားနဲ့ တက္ကစီတွေကို ၁၅ လီတာ၊ ခရီးသည်တင်ယာဥ် နဲ့ ကုန်တင်ယာဥ်တွေကို လီတာ ၅၀ ပဲ ရောင်းချဖို့ ကန့်သတ်ထားတဲ့အတွက် ဆီမှောင်ခိုစျေးကွက် ပိုအားကောင်းသွားစေတယ်လို့ ကားပိုင်ရှင်အချို့က ပြောပါတယ်။
ခရီးဝေးသွားမယ့်ကားတွေကို မိုင် ၁၀၀ ပြည့်ရင် နောက်တကြိမ် ဆီဖြည့်ခွင့်ပေးထားပေမဲ့ ခရီးတိုသွားမယ့်ကားတွေမှာ အပြင်ဆီကိုပဲ ဝယ်ဖြည့်ရဖို့ ရှိနေတာလို့ အိမ်စီးကားနဲ့ ဒယ်လီပို့နေသူတယောက်က ပြောပါတယ်။
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ မတ် ၁၈ ရက်က အောက်တိန်း ၉၂ တလီတာကို ၂,၃၄၅ ကျပ်နဲ့ ရောင်းချနေပြီး မှောင်ခိုစျေးကွက်မှာ ၁၀,၀၀၀ ကျပ်အထိ ရှိနေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။










