
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့မှာ မတ် ၁၃ ရက် ညပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့ အထက်တန်းကျောင်းဝင်းအတွင်းမှာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို မတ် ၁၃ ရက် ည ၉ နာရီကျော်လောက်မှာ ဒေသခံ PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁ နာရီဝန်းကျင်လောက်ထိ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတာကြောင့် အနီးအနားက ပြည်သူတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် မီးလောင်ကျွမ်းမှုတွေပါ ဖြစ်ပေါ်ခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ရုံး အပါအဝင် မိတ္တူဆိုင်နဲ့ ဆိုင်ကယ်ဝပ်ရှော့ဆိုင်တို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်ကျွမ်းရတာဟာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်တွေက ယင်းမာပင်မြို့နယ်အတွင်း ရွာစဥ်ထိုး လှည့်လည်မွှေနှောက်ပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့သလို နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးနေတဲ့အဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအဖွဲ့ဟာ မတ် ၁၃ ရက်နေ့မှာ ယင်းမာပင်မြို့အတွင်းကို ရောက်ရှိလာခဲ့ပြီး အထက စာသင်ကျောင်းဝင်းထဲမှာ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့တာလို့ ဆိုပါတယ်။